အဖိုးတန်လှပတဲ့ ပုလဲ
ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူတစ်ယောက်ဟာ အလှဆုံး အကြီးဆုံး ပုလဲတစ်လုံးပျိုးဖို့ စိတ်ကူးလိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်သွားပြီး သဲရွေးခဲ့တယ်။ သဲတစ်ပွင့်ရွေးတိုင်း သဲတွေကို ပုလဲဖြစ်ချင်၊ မဖြစ်ချင် သူမေးခဲ့တယ်။ အမေးခံရတဲ့ သဲတိုင်းက ပုလဲမဖြစ်ချင်ကြောင်း ခေါင်းခါငြင်းဆန်ကြတယ်။ ကမာကောင်မွေးသူဟာ မနက်ကနေ ညနေအထိရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့သဲတစ်ပွင့်တောင် မတွေ့ခဲ့ဘူး။
သူ မျှော်လင့်ချက်မဲ့နေချိန်မှာ သဲတစ်ပွင့်က ပုလဲဖြစ်ချင်တယ်လို့ဆိုလာတယ်။ ပုလဲဖြစ်ချင်တဲ့သဲပွင့်ကို ဘေးက ကျန်တဲ့သဲတွေက လှောင်ရယ်ကြတယ်။ သဲပွင့်ကို တုံး,အတယ်၊ ဆွေမျိုးအပေါင်းအသင်းကို ခွဲပြီး ကမာကောင်ဝမ်းထဲဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တစ်ယောက်တည်း အထီးကျန်ရတယ်၊ သွားနေဖို့မထိုက်ဘူးလို့ ဝိုင်းရယ်ကြတယ်။ အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်ဟာ နောင်တမရစတမ်း ကမာကောင်မွေးသူနောက် လိုက်သွားခဲ့တယ်။
ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီပြောင်းခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကိုခံပြီး လှပလင်းလက်တဲ့ အဖိုးတန်ပုလဲတစ်လုံး ဖြစ်လာခဲ့တယ်။ သူ့ကို လှောင်ရယ်ခဲ့တဲ့သဲပွင့်တွေကတော့ ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေအဖြစ်နဲ့ တည်ရှိနေတုန်းပါပဲ။
တကယ်တော့ လူတိုင်း အဖိုးတန်တဲ့"ပုလဲ"တစ်လုံးဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိကြတယ်။ လှပတဲ့အဖိုးတန်ပုလဲတစ်လုံး ဖြစ်ချင်ရင် ပြဿနာအခက်အခဲတွေ့တိုင်း မတွန့်ဆုတ်ရဘူး၊ တခြားလူနဲ့မတူလို့ဆိုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ်ရဘူး။ ဘဝဆိုတဲ့ကမာကောင်ထဲနေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် လူတိုင်း အဖိုးတန်လှပတဲ့ ပုလဲတစ်လုံးဖြစ်နိုင်ပါတယ်။
Credit : နိုင်းနိုင်းစနေ
Comments
Post a Comment