သာလိကာ ပုံပြင်
ကြက်တူရွေးတို့၊ သာလိကာတို့တောင်မှ နေ့တိုင်းကြားရ၊ သင်ရတာတွေကိုအလွတ်ရွတ်ဆိုနိုင်သေးတာဘဲ။ က်ြတူရွေးတို့၊ သာလိကာတို့ဆိုတာကတော့
ကိုယ်ပိုင်ဥာဏ်မရှိဘူး။ သူများသင်ပေးတာဘဲ သံယောင်လိုက်တတ်တာ။
နိုင်ငံရပ်ခြားဟာသတွေထဲမှာ ကျွန်တော်ကြိုက်တဲ့ သာလိကာပုံပြင်တစ်ခုရှိတာပြန်ပြောချင်တယ်။
စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတစ်ခုမှာပေါ့။ မွေးမြူရေးခြံပိုင်ရှင်တစ်ယောက်က ကဖေးဆိုင်ကလေးတစ်ခု ဖွင့်ထားတာရှိသတဲ့။
ဆိုင်ပိုင်ရှင်က သာလိကာကြီးတစ်ကောင်လည်းမွေးထားတယ်။ကဖေးဆိုင်လေးကိုလာပြီး အားပေးကြတဲ့သူတွေက ကောင်တာအနီးက
သစ်သားတန်းတစ်ခုပေါ်မှာနားပြီး ဆိုင်ထဲကလူတွေကို ပေစောင်းစောင်းနဲ့ကြည့်နေတတ်တဲ့ သာလိကာကြီးရဲ့ခေါင်းကို လက်နဲ့(ကျီစယ်တဲ့သဘော)
ပုတ်တယ်။ သာလိကာကြီးလည်း တစ်ယောက်ယောက်က သူ့ခေါင်းကိုပုတ်ရင်“ဂျို (ချို)ကုပ်ကြီးသေပါစေ” လို့ အော်တယ်။
သာလိကာကြီးက အသံသြကြီးနဲ့ ဂျိုကုပ်ကြီးသေပါစေလို့ အော်တာကိုလူတွေက သဘောကျတော့ ခဏခဏ သာလိကာကြီးခေါင်းကို ပုတ်တော့တာပေါ့။
ဂျိုကုပ်ကြီးသေပါစေ ဆိုတဲ့အသံကို အချိန်ပြည့်လိုလို ကြားနေကြတော့တာ။ဒီလိုနဲ့ အဲဒီ့သတင်းက စစ်ထောက်လှန်းရေးတွေနားကို ပေါက်ကြားသွားတော့
တာပေါ့။
စစ်ထောက်လှန်းရေးတွေက လူယောင်ဆောင်ပြီး ကဖေးဆိုင်လေးထဲရောက်လာတယ်။ သာလိကာကြီးရဲ့ခေါင်းကိုပုတ်တယ်။
သာလိကာကြီးကလည်း ဂျိုကုပ်ကြီးသေပါစေလို့ အသံသြကြီးနဲ့အော်တယ်။သူတို့ဟာ စစ်ထောက်လှန်းရေးတွေဘဲလို့ပြောလိုက်ရော ဆိုင်ပိုင်ရှင်ရဲ့မျက်နှာမှာ
သွေးမရှိတော့ဘူး။ ကြောက်ဒူး တဆတ်ဆတ်တုန်တာပေါ့။
အဲဒီတော့ သာလိကာကြီးက နွားတွေကို အင်မတန်မုန်းကြောင်း၊ဒါကြောင့် ဂျိုကုပ်ကြီးသေပါစေလို့ပြောတာဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က
ရှင်းပြတာပေါ့။ နွားတွေကို မုန်းတယ်လို့ပြောတော့ စစ်ထောက်လှန်းရေးတွေကဒေါသ ပိုထွက်သွားတာပေါ့။ ဒါကြောင့် ဒီသာလိကာကြီးကို ရှင်းပစ်ရင်ပစ်၊
နောက်တစ်ခေါက်လာလို့ ထပ်တွေ့ရင် တစ်ဆိုင်လုံးမြေလှန်ပစ်မယ်လို့ကြုံးဝါးသွားတာပေါ့။
ကဖေးဆိုင်ပိုင်ရှင်က သူ့သာလိကာကြီးကို သံယောဇဉ်သိပ်ကြီးတာ။သတ်မပစ်ရက်ဘူး။ ရှင်းမပစ်ရင်လည်း စစ်ထောက်လှန်းရေးရန်က အကြီးကြီး။
နောက်ဆုံး ကြံရာမရတာနဲ့ ဘုရားရှိခိုးကျောင်းကိုသွားပြီး သင်းအုပ်ဆရာကိုပေးပစ်လိုက်တယ်။ သင်းအုပ်ဆရာကလည်း မေတ္တာတုန့်ပြန်တဲ့အနေနဲ့
သူမွေးထားတဲ့ သာလိကာကြီးတစ်ကောင်ကို ပြန်ပေးလိုက်တယ်။
လပိုင်းတောင် မကြာလိုက်ဘူး။ ကဖေးဆိုင်လေးကို စစ်ထောက်လှန်းရေးတွေပြန်ရောက်လာတယ်။ မြင်နေကျနေရာမှာ သာလိကာကြီးကိုလည်း တွေ့ရော
အကွက်၀င်ပြီကွလို့ ပျော်သွားကြတယ်။ စစ်ထောက်လှန်းရေးတွေကိုခေါင်းဆောင်လာတဲ့သူက သာလိကာကြီးရဲ့ခေါင်းကို ဆတ်ခနဲ ပုတ်လိုက်တယ်။
သာလိကာကြီးဆီက ဘာသံမှ ထွက်မလာဘူး။
ဒါကိုမကျေနပ်နိုင်တဲ့ စစ်ထောက်လှန်းရေးတစ်ယောက်က သာလိကာကြီးရဲ့ခေါင်းကို ခပ်နာနာ တစ်ချက်ထပ်ပုတ်လိုက်ပြီး “ဗိုလ်ချုပ်ကြီးသေပါစေ” လို့
ပါးစပ်က ပြောလိုက်တယ်။ အဲဒီတော့ သာလိကာကြီးက သင်းအုပ်ဆရာလေသံနဲ့အသံထွက်လာတယ်။ “လိုရာဆန္ဒပြည့်၀ပါစေ သားတော်..” တဲ့။
အဲဒါ နိုင်ငံခြားသာလိကာပုံပြင်ခင်ဗျ။
ကျော်ရင်မြင့်
(ဒီလှိုင်းစာစောင် အတွဲ ၃ အမှတ် ၂ မှ ထုတ်နုတ်ဖော်ပြပါသည်)
Comments
Post a Comment