ဒူးရင်းသီးပုံပြင်

ဒူးရင်းသီးပုံပြင်
========
ပုံပြင်လေးက ဒီလိုပါ။
*******
တစ်ခါတုန်းကပေါ့……။
သူငယ်ချင်း အယောက် (၃၀)ဟာ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေနဲ့အတူ တောစပ်တစ်နေရာကို လေ့လာရေး ခရီးထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေဆိုတော့ .. ဆော့ကြတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း လေ့လာကြတယ်။
ပန်းပင်တွေအကြောင်း သစ်ပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်းပြောကြတယ်။ ပါဆယ်ဂိမ်းကစားကြတယ်။ ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ဒီ သူငယ်ချင်းတွေထဲက သူငယ်ချင်းသုံးယောက်ဟာ လှပတဲ့ လိပ်ပြာလေးတွေကို
လိုက်ပြီးကြည့်ရင်း တောစပ်ကနေ တောထဲကိုရောက်သွားပါတော့တယ်။ လိပ်ပြာလေးတွေလည်း လှတော့.. လိပ်ပြာလေးတွေထဲပဲ စိတ်ကရောက်နေတယ်။ ကိုယ်လာတဲ့လမ်းကို မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ညနေစောင်းလို့ စုရပ်ကိုပြန်ကြမယ်လည်းလုပ်ရော
မပြန်တက်ကြတော့ဘူး။ သူငယ်ချင်း သုံးယောက်ဟာ ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကို ပြန်လာကြတယ်။
သူတို့လာတဲ့လမ်းဟာ စုရပ်ကို မရောက်ဘဲ တောနက်ထဲကိုပဲ တဖြည်းဖြည်းရောက်သွားပါတော့တယ်။
ညနေခင်းရောက်လာတော့ တဖြည်းဖြည်း မှောင်လာတယ်။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲလို့လမ်းရှာရင်း ခရီးဆက်ခဲ့ပါတော့မယ်။
ညဟာ တော်တော်ကို မှောင်လာတယ်။ အဲ့ဒီအချိန်မှာ မီးတုတ်တွေကိုင်လို့ လူတစ်စုကို သူတို့မြင်လိုက်တယ်။ သူတို့ကိုလိုက်ရှာနေတဲ့ အဖွဲ့ဖြစ်မယ်ထင်တယ်။ အနီးနား လည်းရောက်ရော အဲ့ဒီလူစုဟာ လိုက်ရှာနေတဲ့သူတွေ မဟုတ်ဘဲ လူရိုင်းတွေဖြစ်နေတယ်။
လူရိုင်းတွေဟာ သူတို့ကို တွေ့တွေ့ချင်းပဲ နွယ်ကြိုးတွေနဲ့တုပ်လိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ သူတို့နားမလည်တဲ့စကားတွေနဲ့ သူတို့ကို ပြောတယ်။ ဖမ်းသွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ညလုံးလမ်းလျှောက်လိုက်ရတာ မိုးလင်းသွားရောဆိုပါတော့။ မိုးလင်းတော့လည်း ဆက်ပြီး လျှောက်ရပြန်တယ်။ လမ်းမှာတွေ့တဲ့ အသီးတွေကိုခူးစား။ တွေ့တဲ့ရေကိုသောက်။ ခရီးဆက်လိုက်တာ နှစ်ညအိပ်လောက်ကြာမှာလူရိုင်းတွေနေတဲ့
ရွာကိုရောက်ပါတော့တယ်။
ရွာကိုလည်းရောက်ရော ရွာလူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီ သူငယ်ချင်းသုံးယောက်ကို လှံကြီးနဲ့ရွယ်တယ်။ ချိန်တယ်၊ သတ်ပစ်မယ်ပေါ့။ အဲဒီအချိန်မှာ ``လူ`` စကားနည်းနည်းပြောတက်တဲ့ စကားပြန် တစ်ယောက် ရောက်လာတယ်။
``ငါတို့ လူကြီးကပြောတယ်။ ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသပ်တဲ့နည်းရှိတယ်။ ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင် အသက်သေမယ်။ စမ်းသပ်တဲ့နည်းကလည်း မခက်ဘူး။ ဟိုမယ်.. တွေ့လား။ ဥယျဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်။
အဲ့ဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့ သစ်သီး (၁၀)လုံးခူးခဲ့ရမယ်။ မင်းတို့ခူးခဲ့တဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကိုဆုံးဖြတ်မယ်။ ကဲ မင်းတို့သုံးယောက်နှစ်သက်ရာ အမျိုးအစားတူ သစ်သီး(၁၀)လုံးစီခူးခဲ့၊ သွားကြ``
သူငယ်ချင်းသုံးယောက်ဟာ ဥယျာဉ်ခြံထဲကို အပြေးအလွှားပဲ သွားကြပါတယ်။
ပထမဆုံးတစ်ယောက်က ပန်းသီး(၁၀)လုံး ခူးလာတယ်။ စကားပြန်ကပြောတယ်။
``အဲ့ဒီ ပန်းသီး(၁၀) လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင် သတ်မယ်၊ အသံမထွက်ရင် အသက်ရှင်မယ်``
စဉ်းစားကြည့်ကြစမ်းပါဗျ။ ပန်းသီး(၁၀)လုံး။ အလုံးလိုက် ဘယ်လိုလုပ်မျိုနိုင်မှာလဲ။ ဒီလိုနဲ့ အသတ်ခံရရောဆိုပါတော့။ အသက်ထွက်ထွက်ချင်းပဲ သူဟာ ငရဲပြည်ကို ရောက်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာ ဒုတိယသူငယ်ချင်းက စပျစ်သီး (၁၀)လုံးခူးပြီးရောက်လာတယ်။ ထုံးစံအတိုင်းပဲ စကားပြန်ကပြောတယ်။
``စပျစ်သီး ၉၁၀)လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင်သတ်မယ်။ အသံမထွက်ရင် မင်းအသက်ရှင်မယ်``
စပျစ်သီးဆိုတာသေးသေးလေးတွေဆိုတော့ တစ်လုံးပြီးတစ်လုံး အသံမထွက်ဘဲ မျိုချပါတော့မယ်။ ဒီလိုနဲ့ (၉)လုံးမြောက်အရောက်မှာ အသံထွက်ပြီး ``ရယ်`` လိုက်တယ်။ အဲ့ဒါနဲ့ အသတ်ခံရပါလောရော။
ဒီကောင်လည်း ချက်ချင်း ဆိုသလိုပဲ ငရဲပြည်ကိုရောက်သွားတယ်။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့.. ပထမ သူငယ်ချင်းက မေးတယ်။
`ဟေ့ကောင် မင်းဘာအသီးစားလို့ အသတ်ခံရတာလဲကွ``
``စပျစ်သီးကွ`
``ဟ.. စပျစ်သီး (၁၀)လုံးများ အသံထွက်အောင် စားရတယ်လို့ကွ။ ငါကတော့ .. ပန်းသီးမို့ အသတ်ခံရတာ။ အံ့သြပါ့ကွ``
``မင်းဘာသိလို့လဲ။ ငါက.. စပျစ်သီးကို အသံမထွက်ဘဲ ကြိတ်မှိတ်ပြီးမျိုချနေတုန်း ဟိုအကောင် ဘာအသီးတွေခူးပြီး ပြေးလာတယ်မှတ်တုန်း သူ့ကိုကြည့်ပြီး ငါအသံထွက် ``ရယ်``မိလို့ အသတ်ခံရတာ``
``ဒီကောင်က.. ဘာအသီး (၁၀)လုံး ခူးလာလို့တုံးကွ``
``ဒူးရင်းသီး (၁၀)လုံး ခူးလာတယ်တဲ့ကွာ``
ငရဲပြည်ရောက် သူငယ်ချင်း နှစ်ယောက် တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်။
အဲ့ဒီအချိန်မှာ တတိယသူငယ်ချင်း ငရဲပြည်ကိုရောက်လာတယ်။
``မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စားခွင့်ရသေးတယ်။ ငါကတော့ ငါခူးလာတဲ့အသီး မစားရဘဲ အသတ်ခံရတာကွ``
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ ပျော်ပျော်ပါးပါးကြီး ရယ်မော်လိုက်ကြပါတော့တယ်။
*******
သူငယ်ချင်းဆိုတာ ဒီလိုမျိုးပါ။
ပန်းသီးပဲ စားရစားရ၊ စပျစ်သီးပဲ စားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘယ်လိုစည်းစိမ်တွေကို ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းဆိုတာသူငယ်ချင်းပဲ ဖြစ်သင့်တယ်။
သူငယ်ချင်းတွေ အကြားမှာ ဂုဏ်တွေ၊ အရှိန်အဝါတွေ၊ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ဘူး။ အားလုံး ပျော်ပျော်ပဲပေါ့ဗျာ။
ကျွန်တော့်ပုံပြင်ကို သူတို့နားထောင်ကြရင်း တဝါးဝါး၊ တဟားဟားနဲ့ ရယ်မောကြပြီး နံနက်စာ စားလိုက်ကြပါတော့တယ်။
တကယ်တော့.. သူငယ်ချင်းဆိုတာ…
ရင်ဖွင့်ဖော် ရင်ဖွင့်ဖတ်၊ ပျော်ဖော်ပျော်ဖက်၊ ချစ်ဖော်ချစ်ဖက်၊ စိတ်ရဲ့ချမ်းသာမှုကို အမျိုးမျိုးပုံဖော်ပေးနိုင်တဲ့ သဘာဝက ဖန်တီးထားတဲ့ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ…။
********
ဒီ ဒူးရင်းသီး ပုံပြင် လေးက တော့ ဦးဘုန်း(ဓာတု) ရဲ့ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေး ဖြစ်ပါတယ်။ စီဘောက်မှာ ကိုသူရိန်က အဲဒီပုံပြင်လေး ကိုလည်း သူငယ်ချင်းတွေဖတ်ရအောင်လို့ တင်ပေးပါဆိုလို့ ။
သူပြောပြီးချင်းမှာပဲ ဘေးမှာ စာအုပ် အလွယ်တကူ ရှိနေတာရယ် အချိန်လေး ရနေတာရယ်ကြောင့် ချက်ခြင်း ကောက်ရိုက်ပြီး တင်ပေးလိုက်တာပါ။ အွန်လိုင်း မှ သူငယ်ချင်းများ အတွက် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒီပုံပြင်လေး နဲ့ ပုံစံတူ ကိုလည်း အွန်လိုင်းက ဖော်ဝါ့ မေးလ်တွေမှာ မကြာခဏ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီမေးလ်တွေကတော့ ဟာသ သဘောမျိုးနဲ့ ရေးထားတာ သက်သက်ပါ။ ဘာအဓိပ္ပာယ်မှ မပါပါဘူး။
အခု ပုံပြင်လေးကတော့ သူငယ်ချင်း ဆိုတဲ့ အခြေအနေအနေမှာ ဘယ်လို အခြေ အနေပဲ ရောက်ရောက် သူငယ်ချင်း ဆိုတဲ့ အဓိပ္ပာယ်လေးကို အနှစ်သာရ ရှိရှိ ဖွင့်ဆိုထားတာ ကို ပြချင်တဲ့ သဘောမျိုးပါ။
ခင်မင်စွာဖြင့်...
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်