တာနောယက္ခ

တာနောယက္ခ
---------------
တခါတုန်းက ရသေ့တစ်ပါးသီတင်းသုံးနေတဲ့ ကျောင်းသင်္ခမ်းနားက တောအုပ်ထဲမှာ တာနောယက္ခ ဘီလူးကြီးရှိတယ်တဲ့။ အဲဒီဘီလူးကြီးဟာ ရှင်ရသေ့ အနားမှာနေပြီး တရားနာယူပေမယ့် အကျွတ်တရား မရဘူး။
သူက တအားကို အစားကျူးတာဆိုတော့ သက်ရှိတွေကိုပဲ စားသောက် ချင်နေတာတဲ့။
တနေ့တော့ ခရီးသွားတစုက အဲဒီဘီလူးရှိတဲ့ တောအုပ်ကို ဖြတ်ပြီးတော့ သွားသတဲ့။ အဲဒီအထဲမှာ အလွန်တရာချောမောလှပပြီး ရွှေအဆင်းလို ၀င်းဝါတဲ့အသားအရေရှိတဲ့၊ မြင်သူတကာ ငေးယူရလောက်တဲ့ ကာသိတိုင်းသူတစ်ဦးလည်းပါတယ်တဲ့။
သူတို့ လူစုဟာ ဘီလူးရုပ်ဆိုးဆိုးကို မြင်တဲ့အခါမှာ လန့်ပြီးတော့ ထွက်ပြေးကြတာပေါ့။ ကာသိတိုင်းသူမိန်းမချောလည်း လန့်ပြီးတော့ ပြေးပေမယ့် မလွတ်ဘူးတဲ့။ တာနောယက္ခဘီလူးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။
အခါတိုင်းတော့ ဘီလူးက လူတွေကိုဖမ်းမိရင် သူ့ရဲ့ကျောက်ဂူကြီးထဲမှာ ပိတ်လှောင်ထားပြီးတော့ အစာငတ်ရေငတ်ထားတယ်။ ပြီးတော့မှ သူစားချင်တဲ့အခါမျိုးမှာ အလွယ်တကူ စားသောက်တာပေါ့။
အခု ကာသိတိုင်းသူကိုကျတော့ ဘီလူးက မစားရက်တော့ဘူး။ တအားချော၊ တအားလှတဲ့ အပြင် ဘီလူးကလည်း မြင်မြင်ချင်းကို မေတ္တာသက်၀င် ချစ်ခင်သွားတယ်ဆိုပဲ။
ဒါနဲ့ ဘီလူးကြီးဟာ ကာသိတိုင်းသူ သူ့မယားအလှပဂေးလေးကို ဘယ်သူမှ မမြင်ရတဲ့ လျှို့ဝှက်ဂူထဲမှာတောင် ထားတယ်တဲ။ သူအသက်တမျှ ချစ်ရတဲ့ မယားအတွက် အမဲသား၊ ငါး၊ ချိုချဉ်၊ သစ်သီး၊ သစ်ဥတွေကို ရှာဖွေ ကျွေးမွေးပြီး စောင့်ရှောက်တယ်တဲ့။
တောတောင်ထဲမှာ အ၀တ်အစားမရှိပေမယ့်လည်း သူ့မယားအတွက်ဆိုပြီး လှပဆန်းကြယ်တဲ့ အ၀တ်အစားတွေကို ရအောင် ရှာဖွေပြီးတော့ ဆန်မြန်းပေးတယ်။ ကျောက်မျက်ရတနာတွေကိုလည်း အမျိုးမျိုး၀တ်ဆင်ပြီးတော့ အရုပ်လေးတစ်ခုလို အလှကြည့်ထားသတဲ့။

ဒါနဲ့တင် အားရလားဆိုတော့ အားမရပြန်ဘူး။ သူ့ကို ဘက်ပြီးထွက်ပြေးမှာစိုးတော့ ရွှေကြုတ်တစ်ခု ဖန်ဆင်းပြီး အိပ်ချိန် ရောက်ရင် သူ့မိန်းမကို အဲဒီကြုတ်ထဲမှာပဲ အိပ်စေသတဲ့။ ဘီလူးကြီးက ဘယ်ကိုသွားသွား အဲဒီကြုတ်ကို မျိုချသွားသတဲ့။
တချို့ကျတော့လည်း ငုံသွားတယ်လို့ ပြောတာပဲ။ ထားပါတော့လေ။ ပြောချင်တာကတော့ သူ့မိန်းမကို သူနဲ့မကွာ အမြဲဆောင်ယူသွားတာပေါ့။
တနေ့တော့ တာနောယက္ခာဟာ ရေချိုးဖို့ဆိုပြီးကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ ကန်ကို သွားတယ်တဲ့။ ဟိုရောက်တာ့ ရွှေကြုတ်ကိုဖွင့်၊ သူ့မယားကိုထုတ်ပြီး ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ ကန်ထဲမှာ ရေချိုးပေးတာပေါ့။
ပြီးတော့ အမွှေးနံသာတွေလိမ်းကျံ၊ အ၀တ်အစားသစ် တွေကို ဆင်မြန်းပေးတယ်။ အဲဒီမှာ သူ့မယားရဲ့ အသားက အေးနေတော့ ချက်ခြင်းကြုတ်ထဲကို မထည့်တော့ဘဲ နေပူစာလှုံစေ လိုက်တယ်တဲ့။
ရွှေကြုတ်ဘေးနားမှာ နေပူစာ လှုံခိုင်းထားပြီး သူကတော့ ခပ်လှမ်းလှမ်းက ရေနက်ထဲမှာ ရေချိုးနေတာပေါ့။
အခုမှ ပြင်ပလောကကို ပြန်မြင်ရတဲ့ ရွှေကြုတ်မယ်ကလည်း ဟိုဟိုဒီဒီလိုက်ကြည့်ရင်းနဲ့သန်လျက်ကြီး လွယ်ပြီး ကောင်းကင်ခရီး သွားနေတဲ့ ဝိဇ္ဇာဓိုရ်ကို တွေ့တယ်တဲ့။ အခုမှ လူဆိုတာကို ပြန်မြင်ရတဲ့ ရွှေကြုတ်မယ်ဟာ သူမဆီကို အမြန်လာဖို့ လှမ်းခေါ်လိုက်တယ်တဲ့။

ဘီလူးကြီး မကြားအောင်ဆိုတော့ လက်ယက်ပြီး လှမ်းခေါ်တာ ဖြစ်မှာပေါ့။ ခပ်ချောချော၊ အ၀တ်အစားတန်ဆာတွေနဲ့ တင့်တောင်တင့်တယ် မိန်းမက လှမ်းခေါ်တော့ ဘသားချောကလည်း ဆတ်ခနဲ ဆင်းလာတာပေါ့။
အောက်လည်း ရောက်ရော “၀င်၊ ၀င်၊ မြန်မြန်၀င်” ဆိုပြီး ရွှေကြုတ်ထဲကို ထည့်ထားလိုက်တယ်။ ဘီလူးကြီး မမြင်ရအောင် ပုန်းနေဆိုပြီး ၀တ်ရုံလွှာတချို့နဲ့ ဖုံးအုပ်ထားလိုက်တာပေါ့။
ခဏနေတော့ တာနောယက္ခကြီးဟာ ရေချိုးသန့်စင်ပြီးလို့ ပြန်လာတာပေါ့။အခါတိုင်းလိုပဲ အောက်မေ့ပြီးတော့ ရွှေကြုတ်ကို ဖွင့်စစ်မနေတော့ဘဲ၊ သူ့မိန်းမကိုထည့်၊ ပြီးတော့ ရွှေကြုတ်ကို မျိုချပြီး ပြန်လာတာပေါ့။
ဒါနဲ့ သူအပြန်လမ်းခုလတ်မှာ ရသေ့ကြီးကို သွားပြီး သတိရလိုက်တယ်။
“ ငါလည်း ဟိုကိစ္စ၊ ဒီကိစ္စတွေနဲ့ ရသေ့ကြီးကို မေ့လျော့နေတာကြာပီ။ သူ့တရားတွေလည်း မနာကြားရတာကြာပီ။ ဒီနေ့တော့၀င်ဖူး ဦးမှဟဲ့”
ဆိုပြီးတော့ သူနေတဲ့ကျောက်ဂူကို တန်းမပြန်တော့ဘဲ ရသေ့ရဲ့ ကျောင်းသင်္ခမ်းရှိတဲ့နေရာကို လှမ်း၀င်ခဲ့လိုက်တယ်။ အဲဒီမှာ ရသေ့ကလည်း တရားမှတ်နေရင်းနဲ့ ဘီလူးလှမ်း၀င်လာတာကို မြင်လိုက်တယ်။
ဘီလူးဗိုက်ထဲက လူနှစ်ယောက်ရဲ့ အကြောင်းကိုလည်း မြင်လိုက်တယ်။ ဒါနဲ့ပဲ ရသေ့က
“အို…သင်တို့ ၃ ယောက်သား ဘယ်အရပ်ကနေလာကြလဲ။ သင်တို့လာတာ ကောင်းသောလာခြင်းဖြစ်ပေတယ်။ သင့်တင့်လျောက်ပတ် တဲ့ နေရာမှာ ထိုင်ကြ။ သင်တို့အားလုံး ကျန်းမာပါလေစ” လို့ ခရီးဦးကြိုပြုတယ်တဲ့။
ရသေ့ရဲ့ အဲဒီလို မိန့်မှာတဲ့ စကားကိုလည်း ကြားရော ဘီလူးကြီးက တွေဝေသွားတယ်။ စဉ်းစားရတော့တာပေါ့။ ငါလာခဲ့တာ တစ်ယောက်တည်းပါ။ ဘာလို့ ၃ ယောက်လို့ ပြောရတာလဲ။ ဘယ်သူပါသေးလို့လဲ။
ရှင်ရသေ့က ဘာကို ရည်ရွယ်ပါလိမ့်။ အို…မေးကြည့်လိုက်တာပဲ ကောင်းပါတယ်လေ ဆိုပြီး
“ရှင်ရသေ့။ ကျုပ်လာသည်မှာ တစ်ယောက်တည်းပါ။ ဘာကြောင့် သုံးယောက်လို့ ပြောရတာလဲ”
ဒီလိုလည်းမေးရော ရသေ့က
“တာနော…သင့်မှာ မယားရှိလား”
“ရှိပါတယ် အရှင်ရသေ့”
“နားထောင် တာနော။ သင်ကတော့ ချစ်လှစွာတဲ့ မယားကို လုံလုံခြုံခြုံရှိစေချင်လို့ ရွှေကြုတ်ထဲမှာ ထားပြီး ၀မ်းထဲမျိုထားတယ်။ သင်သွားလေရာ ဆောင်ယူသွားတယ်။ သင့်ကတော့ လုံခြုံပြီလို့ ထင်နေတယ်။
ဟော…အခုတော့ သင့်၀မ်းထဲမှာ သင့်မယားက တခြားသူနဲ့ အတူရှိနေတယ်။ ဝိဇ္ဓ္ဇာဓိုရ်နဲ့ အတူရှိနေတယ်။သူတို့ကို မြင်ရတာကြောင့် ငါက သုံးယောက်လို့ ပြောရခြင်းပါ”

ဒီစကားလည်း ကြားရော တာနောယက္ခဘီလူးက စိုးရိမ်ထိတ်လန့်သွားတယ်။ ဝိဇ္ဓ္ဇာဓိုရ်ဆိုတာလည်း သူ့ထက် တန်ခိုးကြီးတယ်။ မာယာလည်း များတယ်။ ဆိုတော့ ကြောက်သွားတယ်။ မတော်တဆ သူ့အမြဲတမ်းဆောင်နေကြ သန်လျက်ကြီးနဲ့များ ငါ့ ၀မ်းဗိုက်ကို ခွဲပြီး
ထွက်ပြေးရင် ငါတော့ ဒုက္ခ ဆိုပြီးတော့ ချွေးစီးချွေးပေါက်တွေတောင် ကျလာတယ်တဲ့။
ဒါနဲ့ပဲ မဖြစ်ချေဘူးဟဲ့ဆိုပြီး ကြုတ်ကို အန်ချလိုက်တယ်။ ကြုတ်အဖုံးကို ဖွင့်လိုက်တာနဲ့ ဝိဇ္ဓ္ဇာဓိုရ်ကလည်းမန္တန်ကိုရွတ်ပြီး၊ သန်လျက်ကိုဆွဲ၊ ကောင်းကင်ကို တရှိန်ထိုးပျံတက်သွားတယ်တဲ့။ ဒါကိုလည်းမြင်ရော ဘီလူးက
“အရှင်၊ ကျွန်ပ်၏ အသက်နဲ့အရှက်ကို အရှင်ရသေ့ကသာ ကယ်ခဲ့ပါ၏။ ရွှေကြုတ်မယ်သည် ကျွန်ုပ်၏ ကျေးဇူးသစ္စာကိုမှ မထောက်၊ ကျွန်ုပ်အပေါ်မှာ မေတ္တာမထား။ မမှန်သော နည်းလမ်းကိုမှ ၇က်စက်စွာပြုကျင့်ပါတယ်။
ထိုသူ့ကိုမှ ကျွန်ပ်ကလည်း ယုံမှတ်မှား မိပါတယ်။ သူ့ကို မပေါင်းဖော်အပ်မှန်း ကျွန်ပ်သိပါပြီ။ ယခုတော့ အရှင်ရသေ့ကြောင့်သာ ကျွန်ပ် ချမ်းသာရာရပေ၏။”
“ဤယုတ်မာသော မိန်းမကို ကျွန်ုပ်အရှင်မထား”
ဆိုပြီး ဒေါသတွေ ထွက်နေတော့ ရသေ့က ဆုံးမရတော့တာပေါ့။
ဒီတော့မှ တာနောကြီးလည်း အသိတရားရပြီး သစ္စာမဲ့တဲ့ သူ့မိန်းမ ရွှေကြုတ်မယ်ကို ရင်နာနာနဲ့ စွန့်လွတ်လိုက်တယ်တဲ့။
တာနောယက္ခကြီးကတော့ အဲဒီမှာ ဇာတ်လမ်းပြတ်သွားတယ်။
မပြတ်တာက ကဝေ။
အရင်တုန်းက ဇာတ်တွေဘာတွေကရင် သီချင်းတွေထည့်ဆိုကြတယ်။
“ရွှေကြုတ်မယ်ရေ xxxxxx ရွှေကြုတ်မယ်ရဲ xxxxx မင်း ဂဏာမငြိမ်လိုက်တာက xxxxxxxxxx အခုမှ သိရပေပေါ့ဗျာ xxx ကုလဟိ မစင်ကြယ်လို့သာ လင်ငယ်ယူ လူပေါ်ကြိုက်ကြတာကxxx မတော်တာ လော်မာတဲ့ စရိတ်ကယ်နဲ့ xxx မယားမိုက်တဲ့
သဘောရယ်ကြောင့် ငါ့ကိုယ်ငါသာ ရိုက်ရိုက်ပြီး ပြောလိုက်ချင်ရဲ့ xxx ရွှေကြုတ်မယ်ရေ xx နင်နဲ့ငါ ညားရတာကတော့ xxxx အမယ်လေးမှားလိုက် လေသကော xxx မှားလိုက်လေသကောxxxx
ခုနောက်ပိုင်းမှာတော့ ဒါမျိုးဆိုတာသိပ်မရှိတော့ပါဘူး။ အလွန်ဆုံး တာနောယက္ခဘီလူးလို အာခံတွင်းထဲ ငုထားမယ်၊
ဘယ်သွားသွားခေါ်သွားမယ်ဆိုတာလောက်ပဲ ပြောကြတော့တယ်။
ကဝေစဉ်းစားကြည့်တယ်။
…အဲဒီတာနောကြီးကရော မူလအခံအကျင့်ကကောင်းလို့လား။ နော်လေ။ သူလည်း အဓမ္မ သမားပဲ။ ဟုတ်ဘူးလား။ သူအနိုင်ကျင့်နိုပ်စက်လို့သာ ကာသိတိုင်းသူက ကြောက်ကြောက်လန့်လန့်နဲ့ မချစ်မနှစ်သက်ပဲ ပေါင်းရတာလေ။
သူသာ အတင်းအကြပ်မလုပ်ခဲ့ရင် ကာသိတိုင်းသူလည်း သူလိုရာခရီးရောက်၊ သူချစ်တဲ့သူနဲ့ သူ့ဘာသာ ပေါင်းသင်းပါစေပေါ့။ အဲဒါကို ဒင်းက ကြားထဲကနေ ဖြတ်ခုတ်သေးတယ်။ ပြီးတော့ သူအလိုလိုက်ထားတယ်ဆိုတာကလည်း သူမှ အဆုံးရှုံးမခံနိုင်တာကိုး။
သူက တကယ်ချစ်တယ်ဆိုပေမယ့် တဘက်သူကိုယ်ကျတော့ မွန်းကြပ်သွားစေတာမျိုးတော့ ဘယ်ကောင်းမလဲလေ။ သူတစ်ဘက်သက်ကြီးက အတင်းအကြပ်မရရအောင်ယူ။
တဘက်က သဲသဲလှုပ်ချစ်ပြတိုင်းသာ ပြန်ချစ်ရရင်၊ သူ့လိုသာ ဇွတ်အသဲကွဲပြရရင် ကဝေကတောင် ရွှေကြုတ်မယ်အစား သီချင်းပြန်ဆိုပြလိုက်ချင်သေးရဲ့။
xxx အမယ်မင်း….တာနောရဲ့ xxxx ရှင်သာ အကောက်မကြံခဲ့ရင်ဖြင့် xxx ကျွန်မချစ်တဲ့ မောင်မောင်နဲ့လည်း မခွဲမခွာရရှင် xx ဥပမာပြရရင် xxxx သီတာကိုခိုးတဲ့xxx မင်းဒဿလို အဖြစ်မျိုးနဲ့ xxx ရှင်ဝေးဝေးကို xxx ဒိုးရလိမ့်မယ်ရှင်xxxx

#Credit_နှင်းနုလွင်(ကဝေ)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်