၀က်ဝံကြီးပြောတဲ့စကား


တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ၀က်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။
တစ်ယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကို တွယ်တက်သွားတယ်။ နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ၀က်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။
ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေလိုက်တယ်။
၀က်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာလဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ပြီးတော့ သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။
အောက်ကလူကတော့ အသက်ရှူရပ်မတတ်ကို ကြောက်လန့်နေရှာတော့တာပေါ့။
အသက်မရှူတဲ့သူကို တွေ့တဲ့ ၀က်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။
၀က်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကိုပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက် မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။ ရယ်နေရင်းနဲ့ပဲ "၀က်ဝံကြီးက မင်းမျက်နှာနားကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။
အဲဒီအခါ မြေကြီးပေါ်မှာ လှဲနေတဲ့သူဟာ ပြန်ထလာပြီး.....
"အေး... ဒုက္ခတစ်စုံတစ်ရာနဲ့ တွေ့တဲ့အချိန်မှာ အနားက ထွက်ပြေးရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲလို့ ပြောသွားတယ်လေ" ဟုပြန်ဖြေလိုက်လေသည်။
(လီယိုတော်စတွိုင်း)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်