ဘုတ်-ဖယ် ဘုတ်-ဖယ်

ဘုတ်-ဖယ် ဘုတ်-ဖယ် (မွန်ပုံပြင်)
ရှေးတုန်းက သံလွင်မြစ်၀ရဲ့လက်ဝဲကမ်းနဖူးမှာ တည်ထားတဲ့ မွန်ရွာလေးတရွာရှိတယ်။ဒီရွာမှာ အသက်အရွယ်ကြီးနေပေမယ့် လယ်ကို အမြဲကိုယ်တိုင်ကိုယ်ကျလုပ်နေကြတဲ့ သူအိုလင်မယား (၂)ယောက်ရှိတယ်။
သူတို့လုပ်တဲ့ လယ်ဟာ သူတို့ရွာနားက မြေမှာ မဟုတ်ဘူး။ သံလွင်မြစ်၀မှာ ပေါ်နေတဲ့ကျွန်းမြေပေါ်မှာ သွားလုပ်ကြတာဖြစ်တယ်။ သူတို့ဟာ အလုပ်သွားရင်လှေကလေးနဲ့သံလွင်မြစ်ကမ်းဘေးကလှော်ပြီး ကျွန်းနဲ့တည့်တည့်နေရာလောက်ရောက်မှ မြစ်ကိုဖြတ်ကူးလေ့ရှိတယ်။ သမီးတွေအပြိုင်းအရိုင်းမွေးထားပေမယ့် ကိုယ်တိုင်ကိုယ်ကျ လယ်ထဲဆင်းလုပ်ရမှ ကျေနပ်ကြတယ်။ သမီးတွေကိုတွေကိုတော့ အိမ်စောင့်ဖို့ ရက်ကန်းခတ်ဖို့နဲ့ အိမ်ဝေယျာသစ္စ လုပ်ဖို့လောက်သာ ခိုင်းတယ်။ လယ်ထဲဆင်းတာကို တယ်မကြိုက်ဘူး။
ဒါကြောင့် နံနက်မိုးလင်းတာနဲ့ လှေကလေးပေါ်ကို စားအိုးစားခွတ်တွေတင်၊ အဖိုးအိုက ပဲ့ကိုင် အဖွားအိုက လှေဦးကလှော်ပြီး လယ်ရှိတဲ့ကျွန်းကိုသွားကြတယ်။ လယ်ထဲမှာ လုပ်စရာ ကိုင်စရာတွေ တနေ့တာအတွက် လုပ်ကိုင်ပြီး ညနေစောင်းမှ လှေကလေးကိုလှော် ပြန်ခဲ့ကြသတဲ့။
တညနေတော့ အဖိုးအိုနဲ့အဖွားအိုဟာ အလုပ်တွေပြီးလို့ သံလွင်မြစ်ကမ်းပါးကကပ်ပြီး အေးအေးလူလူ လှေကလေးကိုလှော် ရွာကိုပြန်လာကြတယ်။ ဒီလိုလှော်လာရင်းနဲ့ ကမ်းပါးစောက်ကြီးက မြေကြီးတွေဟာ ရေနူးလို့အိပြီး ပြိုပြိုကျ ပဲ့ပဲ့ကျတာကို တွေ့ရတော့ လှေကလေးကိုမထိအောင် ကမ်းက နည်းနည်းခွါပြီးလှော်ကြတယ်။ သံလွင်မြစ်ဟာ ပင်လယ်၀နဲ့နီးတဲ့ ကမ်းခြေတလျှောက်လုံးပဲ မြေပွ၊မြေနုတွေဖြစ်တယ်။ မိုးကာလ အောက်ကရေတိုက်စာတာနဲ့ အပေါ်ကမိုးရေကြောင့် ကမ်းခြေဟာ နူးနေတယ်။ ဒီတော့ ကမ်းဟာ အိဆင်းပြီး အမြဲလိုလို တစ်နေရာမဟုတ်ရင် တစ်နေရာမှာ တဝုန်းဝုန်းနဲ့ပြိုကျလေ့ရှိတယ်။
အဘိုးအိုးနဲ့အဖွားအိုဟာ ဒီလိုသူတို့ရှေ့မှာ ကမ်းပါးပြိုကျတာ ပဲ့ကျတာကိုကြည့်ပြီး “ ခုနေ ကမ်းပါးပြိုကျလို့ ရွှေအိုးကြီးပေါ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့တွေးမိကြတယ်။ အဖွားအိုကတော့ တွေးရုံတင်မဟုတ်ဘူး “ ကိုရင်ရေ အခုနေကမ်းပါးပြိုတဲ့အထဲ ရွှေအိုးပေါ်လာရင် တစ်ခါတည်း သူဌေးအဖြစ်ပဲ ” လို့တောင် နှုတ်ကထွက်ပြီး ပြောလိုက်တယ်။
အဘိုးအိုလင်မယားဟာ ကမ်းပါးပြိုရာမှာ ပေါ်လာမယ့် ရွှေအိုးကို မျက်စိထဲမြင်ယောင်နေတယ်။ တကယ်လို့ရွှေအိုးသာ ရမယ်ဆိုရင် ရွာလယ်မှာ “ ဘုတ် ” လို့ မွန်လိုခေါ်တဲ့ ဓမ္မာရုံတစ်ရုံတော့ တည်ဆောက် လှူဒါန်းမယ်လို့ အဘိုးအိုက စဉ်းစားရင်း လှေကိုလှော်တယ်။ အဘွားအိုကလည်း ရွှေအိုးသာ ရရင်တော့ တို့လဲ ကျောင်းဒကာ၊ကျောင်းအစ်မ အခေါ်ခံရအောင် အထက်ပိုင်းမှာ “ ဖယ် ” လို့မွန်လို ခေါ်တဲ့ ကျောင်းတစ်ကျောင်းဆောက်ပြီး သံဃာတော်တွေကို လှူဒါန်းမယ်လို့ တွေးပြီး လှေကိုလှော်တယ်။ ဒီလိုကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး လှေကလေးကို လှော်လာကြတုန်း ဝုန်းဆို မြစ်ထဲကို ပဲ့ကျတယ်။ အဘိုးအိုနဲ့အဘွားအိုဟာ မြေစိုင်တုံးကြီးပဲ့ကျရာကို လှမ်းကြည့်လိုက်တော့ စောင်းနေတဲ့ စဉ့်အိုးတလုံးကို မြင်တယ်။ စဉ့်အိုး၀က သူတို့ဘက်လှည့်နေတော့ အထဲမှာရွှေလို့ထင်ရတဲ့ ဝါ၀ါတွေကိုတွေ့တယ်။
ဒါနဲ့ လှေကလေးကို ကမန်းကတန်း ကမ်းကပ်ပြီး ပေါ်နေတဲ့ စဉ့်အိုးကို တတ်ကြည့်ကြတယ်။ ဒီတင် ရွှေမန်ကျည်းတောက်တွေ ပြည့်နေတဲ့ တကယ့်ရွှေအိုးဖြစ်နေတာကိုတွေ့တယ်။ ဒါနဲ့အဘိုးအိုနဲ့အဘွားအိုဟာ စဉ့်အိုးကို ပင့်ချီပြီး လှေကလေးထဲကို ချကြတယ်။ ပြီးတော့ ၀မ်းသာ အားရနဲ့ အိမ်ဘက်ကိုလှော်ပြီး ပြန်ကြတယ်။ ဒီလိုပြန်လာတဲ့အခါ သူတို့ဟာ မူလလှော်လာသလို ကမ်းဘေးက ကပ်ပြီး မလှော်လာကြဘူး။ မြစ်လယ်ကိုခွါထွက်ပြီး မြစ်ကြောင်းကလှော်တယ်။ ကမ်းစပ်က လှော်လာရင် အခြားလှေတွေနဲ့ဆုံတဲ့အခါ သူတို့မှာ ရွှေအိုးပါတယ်ဆိုတာ သိသွားမှာစိုးလို့ဖြစ်တယ်။
ဒီလိုလှော်လာကြရင်းနဲ့ အဘွားကြီးက “ ကိုရင်ရေ၊ ကျုပ်တို့တော့ကုသိုလ်ကံထူးလို့ရွှေအိုးတော့ရပြီး ၊ တခါတည်း ဌေးတာပဲ ။ ဒီလိုသူဌေးကြီးဖြစ်လာတော့ သမီးတွေကို ဒီလိုထားလို့မတော်သေးဘူး။ နားတောင်းတို့လက်ကောက်တို့ဆင်ရအုံးမယ် ” လို့သူ့အကြံကိုထုပ်ပြောတယ်။ အဘွားကြီးရဲ့စကားလဲဆုံးရော ၊ တောင်ဘက် ပင်လယ်၀ ကလေဟာ ခပ်ပြင်းပြင်းတိုက်လာတာကို တွေ့ရတယ်။ အဘိုးအိုက လေလာရာ ဘက်ကိုမျှော်ကြည့်ပြီး “ တောင်ဘက်က မိုးရိပ်ပါ လိုက်လာတယ်ဟေ့ ။ မြစ်လယ်မှာ လှိုင်းထန်လိမ့်မယ် ၊ ကမ်းကို ကပ်မှ ဖြစ်မယ် ” လို့အဘွားအို ကိုပြောပြီး သူတို့ရဲ့လှေကလေးကို ကမ်းဘက်ကပ်ဖို့ ကြီုးစားကြတယ်။ ဒီလိုပြောတုန်း လှော်တုန်း မိုးရောလေပါ သဲသဲမဲမဲရွာကျလာတယ်။ မြစ်ထဲမှာ လဲ လှိုင်းခေါင်းဖြူကြီးတွေ တလိမ့်လိမ့်နဲ့ပင်လယ်၀က ၀င်လာပြီး သူတို့လှော်နေတဲ့လှေကလေးကို မြှောက်ချည် နှိမ့်ချည်နဲ့ ရှေ့မတိုးနိုင်အောင် တားသလို ဖြစ်နေတယ်။
ဒီတင် အဘွားအိုက သတိရပြီး “ ဟုတ်တယ်၊ ကိုရင်ရေ့၊ ကျုပ်အတွေးမှားသွားပြီး။ ဒီရွှေနဲ့“ ဖယ် ” ကျောင်း ဆောက်လှူပါမယ်လို့ကြံရာက ဘယ့်နှယ် သမီးလက်ကောက်ဆီ ရောက်သွားသလဲ မသိဘူး။ “ ဖယ် ” ပါတော် ၊ “ ဖယ် - ဖယ် ” ( ကျောင်းပါတော် ၊ကျောင်း – ကျောင်း ) လို့ကြောက်အားလန့်အားနဲ့အော်ပြောလိုက်တယ်။ ဒီတော့ အဘိုးအိုကလည်း “ ငါလည်း “ ဘုတ် ” ( ဓမ္မာရုံ ) ဆောက်ဖို့ရာထားပါတယ်။ “ ဘုတ် ” ဟေ့ ၊ ဘုတ် – ဘုတ် ” (ဓမ္မာရုံဟေ့၊ ဓမ္မာရုံ) ” လို့အော်ပြောလိုက်တယ်။
ဒီနောက် မိုးကလဲ သည်းသည်ထက်သည်း လှိုင်းကလည်း ကြီးသည်ထက်ကြီးလာတော့ သူတို့(၂)ယောက်ဟာ အကြောက်လွန်ပြီး တစ်ယောက်က “ ဖယ် ” လို့ အော်လိုက် ၊ တစ်ယောက်က “ ဘုတ် ” လို့အော်လိုက်နဲ့အဘိုးအိုနဲ့အဘွားအို “ ဖယ် – ဘုတ် ” “ ဘုတ် – ဖယ် ” တလှည့်စီ အလန့်တကြားအော်နေရင်းကလှိုင်း ရ ဲ့ဒဏ်ချက်ကြောင့် လှေကလေး မှောက်သွားတယ်။ ရွှေအိုးလဲ ရေထဲမြုပ်သွားပြီး အဘိုးအိုနဲ့အဘွားအိုလဲ တစ်ယောက်စီ ကွဲကွာမျောပါကာ ရွာကိုရောက်လာကြတယ်။ ကမ်းနားက ဘုတ် – ဖယ် ၊ ဘုတ် – ဖယ်နဲ့ အချီအချ အော်သံကြားရတဲ့ ရွာသူရွာသားတွေက ဆင်းကြည့်ကြတယ်။ ဒီတင် အ၀တ်မပါ တဲ့ အဘိုးအိုနဲ့အဘွားအိုကို ကမ်းစပ်မှာ ခြေကုန်လက်ပန်းကျပြီး မှောက်လျက်သားနေကာ အော်နေကြတာကို တွေ့ကြတယ်။
ဒီလိုတွေ့တတော့ တခြားဘာမှမမေးအားသေးဘူး ။ ဆွေမျိုးတွေက စောင်တွေနဲ့ဆီးပက်ပေးပြီး အိမ်ကိုခေါ်သွားကြတယ်။ အဘိုးအိုးနဲ့အဘွားအိုဟာ မောပန်းကြောက်လန့်နေသေးတာရယ် ၊ရွှေအိုးကို နှမျောလှတာရယ်ကြောင့် သတိလက်လွတ် ဖြစ်နေသေးလို့ ဘုတ် – ဖယ် ဘုတ် – ဖယ် နဲ့ သူတို့ဟာ သူတို့သိတဲ့ အဓိပ္ပယ်ပါတဲ့စကားကို အော်ရင်း လိုက်သွားကြတယ်။
လူထုဦးလှ
တိုင်းရင်းသားပုံပြင်များကိုတန်ဖိုးထားတတ်ပါစေမိတ်ဆွေ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်