သစ်သားဇလုံလေး

.........
တစ်ခါက အသက်အရွယ်အိုမင်းလှပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးဟာ သူရဲ့သား၊ ချွေးမ၊ လေးနှစ်အရွယ် မြေး တို့နဲ့ တစ်အိမ်ထဲမှာ အတူတူ နေပါတယ် .. အဖိုးအိုဟာ အသက်လဲကြီးပြီဖြစ်လို့ မျက်စိတွေ မှုန်ဝါးနေပါပြီ... ပြီးတော့ သူရဲ့လက်တွေဟာ တုန်တုန်ရီရီ ဖြစ်နေပြီး ဘာကိုမှ မြဲမြံအောင် ကိုင်နိုင်စွမ်း မရှိနိုင်တော့ဘဲ... လမ်းလျှောက်ပြန်တော့လဲ သူ့ကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်စွမ်း မရှိ တော့ပါဘူး... အဖိုးအိုဟာ အိမ်သားတွေနဲ့ ညတိုင်း ထမင်းအတူတူ စားလေ့ရှိပါတယ်.. ဒါပေမဲ့ သူ့ခြေအနေကြောင့် အဖိုးအိုဟာ ထမင်းစားသောက်တဲ့အခါမှာ အခက်အခဲ အများကြီး ဖြစ်ရပါတယ်.. မှုန်ဝေသီနေတဲ့ သူ့မျက်လုံးတွေနဲ့ တုန်ရီ နေတဲ့ သူ့လက်တွေကြောင့် သူကိုင်ထားတဲ့ ဇွန်းထဲက ပဲလုံးတွေ ဟင်းတွေဟာ ကြမ်းပြင်ပေါ်ကို အမြဲတမ်း ပြုတ်ကျကုန်လေ့ ရှိပါတယ်... နွားနို့သောက်ပြန်တော့လဲ နွားနို့တွေဟာ စားပွဲပေါ်ကို ဖိတ်ကျကုန်တဲ့ အတွက် စားပွဲခင်းတွေ စွန်းထင်း ညစ်ပတ် ကုန်ပါတယ်....
ထမင်းအတူတူ စားသောက်နေတဲ့ သူ့သားနဲ့ ချွေးမဟာ အဖိုးအိုရဲ့အဖြစ်ကို ကြည့်ပြီး ကရုဏာသက်ရမဲ့အစား စိတ်ရှုပ်ပြီး အနှောက်အယှက် ဖြစ်လာတယ်လို့ ခံစားရပါတယ်.. ငါတို့တော့ အဖေနဲ့ပါတ်သက်ပြီး တစ်ခုခု လုပ်မှဖြစ်တော့မယ် အဖေနဲ့ အတူတူ ထမင်းစားရင် ရှုပ်ပွနေတဲ့ စားပွဲနဲ့ အမှိုက်တွေနဲ့ အတူတူ စားနေရသလိုဘဲ.. ပြီးတော့ အဖေ့ဆီကနေ ထွက်နေတဲ့ အသံမျိုးစုံကလဲ နားညီးစရာ ကောင်းလွန်းတယ်.. ထမင်းကို ကောင်းကောင်းမစားရဘူး… လို့ပြောပါတယ်.. ပြီးတော့ အဖိုးအိုရဲ့ သားနဲ့ ချွေးမဖြစ်သူတို့ဟာ အဖိုးအို ထမင်းစားဖို့ ထမင်း စားခန်းရဲ့ ထောင့်ကလေးမှာ စားပွဲသေးသေးလေး တစ်လုံး သီးသန့် လုပ်ပေး လိုက်ပါတယ်.. ချွေးမ၊သားဖြစ်သူနဲ့ မြေးငယ်တို့ဟာ ထမင်းစားပွဲမှာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေချိန်မှာ အဖိုးအိုက ချောင်ငယ်လေး တစ်နေရာရဲ့ စားပွဲလေးမှာ မမြင်မကန်းနဲ့ တစ်ယောက်တည်း ထိုင်ပြီး ထမင်းစားနေရ ရှာပါတယ်.. အဖိုးအို ကြောင့် ထမင်း ပန်းကန်ပြား တစ်ချပ် နှစ်ချပ် ကျကွဲသွားကတည်းက သူ့အတွက် သစ်သား ဇလုံလေးနဲ့ဘဲ ထမင်းကို ထည့်ပေး ပါတော့တယ်..
သူတို့တွေဟာ ထမင်းစားနေရင်း အဖိုးအိုကို တစ်ချက်တစ်ချက် ကြည့်လိုက်မိတဲ့အခါ မျက်ရည်တွေပြည့်နေပြီး မှုန်သီနေတဲ့ မျက်လုံးအစုံနဲ့ တစ်ယောက်တည်း အထီးကျန်စွာ ထမင်းစားနေရှာတဲ့ အဖိုးအိုကို တွေ့ရပေမဲ့ ထမင်းစားပွဲကို အတူတူ ပြန်ခေါ် စားဖို့ စိတ်ကူးကို မရှိကြပါဘူး… အဖိုးအိုရဲ့ လက်ကနေ ဟင်းတစ်ချို့ ပြုတ်ကျ သွားတဲ့ အခါတို့၊ ဇွန်း လွတ်ကျသွားတဲ့အခါတို့ မှာသာ သားဖြစ်သူနဲ့ ချွေးမ ပါးစပ်က မြည်တွန် တောက်တီးသံ၊ သတိပေးသံ ထွက်လာတတ်ပါတယ်.. သနားစရာ သက်ကြီး ရွယ်အို များရဲ့ ဘ၀ပါပေ…. အသက်လေးနှစ်အရွယ် ကလေး ငယ်လေးကသာ ဘာမှမပြောဘဲ အဖြစ်အပျက်အားလုံးကို တိတ်တိတ် ဆိတ်ဆိတ်နဲ့ စောင့်ကြည့်နေပါတယ်…
တစ်နေ့ ညစာမစားခင် ညနေခင်းတစ်ခုမှာ အဖိုးအိုရဲ့ သားဖြစ်သူက သူ့သား ချာတိတ်လေးဟာ လက်သမားကိရိယာတွေနဲ့ သစ်သားလေးကို ထွင်းထုနေတာ တွေ့ရတော့ ချိုသာတဲ့ အပြုံးလေးနဲ့ သား ဘာတွေလုပ်နေတာလဲ လို့မေးလိုက်ပါတယ်.. ကလေးကလဲ ကြည်ကြည် သာသာလေးဘဲ ပြန်ဖြေပါတယ်.. သားကြီး လာတဲ့ အချိန်ရောက်ရင် ဖေဖေနဲ့မေမေကို ထမင်းထည့် ကျွေးဖို့ အတွက် သစ်သား ဇလုံလေးတွေ လုပ်နေတာပါဖေဖေ.. ကောင်လေးက အပြုံးလေးနဲ့ ပြောလိုက် ရင်း သူ့အလုပ်ကို သူဆက်လုပ်နေလိုက်ပါတယ်.. ကောင်လေးရဲ့ စကားကြောင့် သူ့မိဘတွေဟာ ထိတ်လန့်တုန်လှုပ်မှု၊ စိတ်ထိခိုက်မှု တို့နဲ့ တိတ်ဆိတ် ငြိမ်သက် သွားပါတော့တယ်.. ဘာစကားမှကို မပြောနိုင်တော့ပါဘူး… ပြီးတော့ ပါးပြင်ပေါ်မှာ မျက်ရည်စများ စီးကျလာပါတယ်.. ဘာစကားမှ မပြောဖြစ်ကြသော်လည်း သူတို့ ဘာလုပ်ရမယ်ဆိုတာ ၂ယောက်လုံး သိလိုက်ကြပါပြီ..
အဲဒီနေ့ ညစာစားချိန်မှာတော့ သားဖြစ်သူဟာ အဖိုးအိုရဲ့လက်ကို ကြင်နာယုယစွာနဲ့ ညင်ညင်သာသာ တွဲခေါ်လာပြီး မိသားစု ညစာ စားပွဲကို ပြန်လည် ခေါ်ဆောင် လာပါတော့တယ်… ထိုနေ့ကစလို့ အဖိုးအိုဟာ သူ့မိသားစုတွေနဲ့ အတူတူ ထမင်းစားခွင် ပြန်လည်ရရှိပါခဲ့ပါပြီ.. အဖိုးအို ဇွန်းပြုတ်ကျသည် ဖြစ်စေ၊ နွားနို့ဖိတ်ကျ သည် ဖြစ်စေ၊ ဟင်းပြုတ်ကျလို့ စားပွဲခင်း ညစ်ပတ်သည် ဖြစ်စေ ဘာအကြောင်းနဲ့မှ သားဖြစ်သူနဲ့ ချွေးမဖြစ်သူဆီက အပြစ်တင်သံ ဆူပူသံကို မကြားရတော့ပါဘူး….
-----------------------------------------------------------------------------------------------------------------------------------------
တကယ်တမ်းတော့ ကလေးတွေဟာ အလွန်မှလဲ အမှတ်သညာ ကောင်းလှ ပါတယ်.. သူတို့ဟာ မျက်လုံးတွေအမြဲဖွင့်ထားပြီး နားကို အမြဲတမ်း စွင့်ထား တတ်ပါတယ်.. သူတို့ပါတ်၀န်းကျင်မှာ မြင်သမျှကို စူးစမ်းလေ့လာတတ်ပြီး မှတ်သားထားဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေကြပါတယ်… ကျွန်မတို့ဟာ ကိုယ့်အိမ်မှာ ကိုယ့်ထက်ကြီးသူများ၊ လူကြီးမိဘများကို ရိုသေစွာ ဆက်ဆံ တတ်သူ ၊ လေးစားစွာဆက်ဆံတတ်သူများ ဖြစ်ခဲ့မယ်ဆိုရင် ကလေးတွေဟာလည်း သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး လူကြီး မိဘကို ရိုသေတတ်သူ လေးစားတတ်သူများအဖြစ် ကြီးပြင်းသွားမှာ သေချာပါတယ်သူတို့လေးတွေဟာ အတုခိုး အလွန်မြန် ကြပါတယ်.. လူကြီးတွေ ပြုမူတဲ့ အမူအရာ စိတ်နေစိတ်ထားဟာ သူတို့ရဲ့ နုနယ်တဲ့ စိတ်သဏ္ဍာန်မှာ အမြဲတမ်း ထင်ဟပ် နေတတ်ပါတယ်.. အိမ်ထောင်ရှိသူ များကလည်း မိမိတို့ရဲ့ သားသမီးများရှေ့မှာ မိခင် ဖခင်အိုများကို ရိုသေလေးစား ကျွေးမွေး စောက်ရှောက်ပြပါမှ မိမိတို့ သားသမီးများမှာလည်း မိဘကို ကျွေးမွေး စောက်ရှောက် တတ်တဲ့ အလေ့အကျင့် ကောင်းလေးတွေကို အတုခိုးကြမှာ ဖြစ်ပါတယ်… ကျွန်မတို့တွေဟာလည်း အဖိုးအိုရဲ့ အရွယ်မျိုးကို တစ်နေ့မှာ မလွှဲမသွေ တွေ့ကြုံ ကြရ ဦးမှာပါ ဆိုတာ ဆင်ခြင်သင့်စရာလေးအဖြစ် စာဖတ်သူများကို မျှဝေလိုက်ပါတယ်ရှင်…..
Motivational Blog မှ The Wooden Bowl ကို ဘာသာပြန်ဝေငှပါတယ်ရှင်...
ချော (အစိမ်းရောင်လွင်ပြင်)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်