ကို့ယို့ကားယားဘုရင်


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီဘုရင်ကြီးက ပညာရှိရွေးပွဲလုပ်မယ်ဆိုပြီး နန်းတော်ဥယျာဉ်ထဲမှာ တိုင်တစ်တိုင်စိုက်၊တိုင်မှာ ကန့်လန်းတန်းသုံးချောင်း ရိုက်ခိုင်းထားတယ်။ သူကိုယ်တိုင်က အလယ်တန်းမှာကားယားခွပြီး ထိုင်နေသတဲ့။ ပညာရှိလောင်းတစ်ယောက်ကို ရှေ့တော်သွင်းလိုက်တော့ ဘုရင်က မေးခွန်းမေးတော့တယ်။
""မောင်မင်း၊ ငါကိုယ်တော်မြတ် ခုထိုင်နေတဲ့ အဆင့်ကနေ အထက်ကိုတက်မှာလား၊ အောက်ကိုဆင်းမှာလား၊ ဖြေစမ်း""တဲ့။
ဒီတော့ ပညာရှိလောင်းကလည်း တွေးတွေးဆဆ ၊ဖေးဖေးမမနဲ့
""မှန်လှပါ၊ အရှင်မင်းကြီး၏ ဘုန်းတော်မှာ အတိုင်းမသိ တိုးတက်နေသည်ဖြစ်ရာ အရှင်မင်းကြီးသည် အထက်သို့ လှမ်းတက်မည်ဖြစ်ကြောင်းပါ ဘုရား""
လို့လက်အုပ်ချီပြီး လျှောက်တယ်။ဒီအခါမှာ ဘုရင်ကြီးက ကပျာကယာ အောက်ဆင့်ကို လှမ်းဆင်းပြီး
"'မှားတယ်၊ ငါကိုယ်တော်က အောက်ကိုဆင်းမှာ""
လို့ ပြောပြီး ပညာရှိလောင်းကို
"သတ်စေ" လို့ အမိန့်တော် မှတ်သတဲ့။
ဒါနဲ့ နောက်ပညာရှိလောင်းတစ်ဦးကို ရှေ့တော်သွင်းစေပြန်တယ်။ ဒီအခါမှာလည်း ဘုရင်က အလယ်ဆင့်မှာ ကားယားခွရင်း သူအပေါ်တက်မှာလား၊ အောက်ဆင်းမှာလားလို့ မေးပြန်တယ်။ နောက်လူလည်း အရင်လူခံသွားရတာမို့ ချင့်ချိန် နှိုင်းဆပြီ
""မှန်လှပါ ဘုရား၊ ဘုန်းတော်ကြောင့် အရှင်မင်းကြီးသည် ဆင်ခြင်တုံ့တရား လက်ကိုင်ထားလျက် သင်္ခ ါရတရားကို နှလုံးသွင်း တတ်သူဖြစ်ရာ အထက်သို့တက်ရန် မမျှော်မှန်း၊ အောက်ဆင့်သို့ သာလှမ်းမည်ဖြစ်...""
လို့ စကားမှ မဆုံးသေးခင် ဘုရင်ကြီးက သုတ်ခနဲ အပေါ်ဆင့်ကို ဖက်ကတ်ပြီး
""အောင်မယ်၊ ငါကိုယ်တော်က အထက်သို့သာ တက်မှာ ဘာပြုလို့ အောက်ဆင်းရမှာလဲ၊""
""သတ်စေ"" လို့ မိန့်တော်မူတယ်။
ဒါနဲ့ပညာရှိ အရွေးခံမယ့်သူ မရှိဘဲဖြစ်နေတုန်း ထီးသုံးနန်းသုံး စကားတွေဘာတွေ နားမလည် တဲ့ တောကျေးလက်က အဘိုးကြီး တစ်ယောက် မယောင်မလည်နဲ့ နန်းဥယျာဉ်ထဲ ရောက်လာတယ်။ တိုင်ပေါ်မှာ ကားယားခွနေတဲ့ ဘုရင်ကို မြင်ရကတည်းက အဘိုးကြီးမျက်စိထဲ သိပ်အချိုးမတိုးဘူး။ မေးမြန်းကြည့်လိုက်တော့လည်း အကျိုးအကြောင်းတော့ ပြောပါရဲ့။ ဒါပေမယ့် သူ့ကို ပါ ပညာရှိလောင်းအဖြစ် ၀င်ရွေးခံရမယ်ဆိုပြီး အတင်းရှေ့တော် ပို့လိုက်သတဲ့။
ဘုရင်ကလည်း သူ့ရှေ့လူ ရောက်လာတာနဲ့
""ငါကိုယ်တော် လက်ရှိအဆင့်ကနေ အထက်တက်မှာလား ၊အောက်ဆင်းမှာလား""
လို့ မေးလိုက်တယ်။ ဒီတစ်ခါ အဘိုးကြီးက သိပ်မတွေးမနေဘဲ မျက်မှောင်ကြုတ်ကြည့်ပြီး ပြန်မေးလိုက် တယ်။
""ဟဲ့ ဒီတိုင်းပြည်မှာ နင်က ရှင်ဘုရင် မဟုတ်လား"" တဲ့။ ဘုရင်က
""ဟုတ်ပါတယ်""လို့ပြန်ဖြေတယ်။ အဘိုးကြီးကလည်း
""ဟေ......ရှင်ဘုရင်ဆို နင့်ဟာနင် တက်ချင်တက်၊ ဆင်းချင်ဆင်း နင့်သဘောပေါ့၊ အရေးလုပ်ပြီး ဘယ်သူ့လျှောက်မေးနေစရာ လိုလို့လဲ"" ဆိုပြီးတစ်ချီတည်း ပိတ်ပြောပစ်လိုက်သတဲ့။ ဒါနဲ့ ဘုရင်ကလည်း အဘိုးကြီးကို ""သတ်စေ"" အမိန့်မပေးနိုင်ဘဲ ပညာရှိပါပေတယ်လို့ လက်ခံလိုက်ရလေတော့တယ်။
( မြင့်စိုးလှိုင်- စကားနောက်တရားပါ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်