ဖါးစည်နှင့် ကရင်

ဖါးစည်နှင့် ကရင် (ကရင်ရိုးရာပုံပြင်)
********************
ဖါးစည်နှင့်ပတ်သက်၍ အရှေ့ပိုးကရင်တို့တွင် ပုံပြင်တစ်ရပ် ရှိလေသည်။ ရှေးအခါက “ဖူ့ဒိုင်”အမည်ရှိသော အဘိုးအိုတစ်ဦး ရှိလေသည်။ ဖူ့ဒိုင်သည် အိမ်ထောင်ပြုခြင်းမရှိ၊ လူပျိုကြီးဖြစ်ပြီး တောင်ယာလုပ်ကိုင်၍ အေးချမ်းစွာ နေထိုင်လေသည်။ ဖူ့ဒိုင်သည် ရိုးသားပြီး စိတ်ထားမြင့်မြတ်၍ လူအများက လေးစားကြိုညိုကြသည်။ နှစ်တစ်နှစ်တွင် ဖူ့ဒိုင်သည် ရွာနှင့် အလွန်အလှမ်းဝေးသော တောင်ပေါ်တစ်နေရာတွင် တောင်ယာလုပ်ကိုင်လေသည်။ ထိုနှစ်တွင် ဖူ့ဒိုင် တောင်ယာမှ အသီးအနှံများ ဖွံ့ထွား၍ အလွန်ကောင်းမွန်လေသည်။ ဖူ့ဒိုင် တောင်ယာမှ အသီးအနှံများကို မျောက်များက နေ့စဉ် လာရောက် ချိုးယူစားလေသည်။ ဖူ့ဒိုင်က စိတ်ထားကောင်းသူပီပီ မျောက်များကို အော်ဟစ်မောင်းထုတ်ခြင်းမှအပ အနာတရ ဖြစ်အောင် မပြုချေ။ သို့ကြောင့် မျောက်တို့က အတင့်ရဲနေကြလေသည်။ တစ်နေ့ထက်တစ်နေ့ မျောက်အုပ်မှာ များများ၍ လာ၏။ တစ်ချိန်တွင် ဖူ့ဒိုင်က အကြံတစ်ခု ရလေသည်။ ထိုအကြံမှာ မျောက်အုပ်များကို နောင်အခါ မိမိတောင်ယာကို လာရောက် မဖျက်ဆီးရန် မျောက်အကြီးအကဲကို တောင်းပန်ပြောပြမည်ဟု အကြံရလေသည်။ တစ်နေ့တွင် ဖူ့ဒိုင်သည် မိမိနှာ၀တွင် တောမြက်ရိုင်းပွင့် ထိုးထားပြီး သေဟန်ဆောင်နေလိုက်လေသည်။ ထိုနေ့တွင် မျောက်အုပ်များ ရောက်လာပြီး ဖူ့ဒိုင် အော်ဟစ်သံ မကြား၍ ထူးဆန်းနေကြသည်။ သို့ကြောင့် တဲအနီးသို့ ချဉ်းကပ်ပြီး ဖူ့ဒိုင်ကို ချောင်းမြောင်း ကြည့်ရှုကြရာ ဖူ့ဒိုင် သေဆုံးနေသည်ကို တွေ့ရပြီး စိတ်မကောင်းကြီးစွာ ဖြစ်ကြကုန်လေသည်။ ဖူ့ဒိုင် သေဆုံး၍ ၀မ်းနည်းပက်လက်ဖြစ်ပြီး ငိုယိုကြလေသည်။ ထိုအခါ မျောက်တို့က သူတို့၏ကျေးဇူးရှင် ဖူ့ဒိုင်အလောင်းကို ကောင်းမွန်စွာ သဂြိုင်္ဟ်ရန် သယ်ဆောင်သွာကြလေသည်။ ဖူ့ဒိုင်သည် မျောက်တို့၏ အပြုအမူကို အလွန်ရယ်ချင်နေသည်။ သို့သော် အဆုံးအထိ စောင့်ကြည့်ရန် အကြံရပြီး ဆက်လက်သေဟန်ဆောင်နေသည်။
မျောက်အုပ်တို့က ဖူ့ဒိုင် အလောင်းကို တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်၍ သယ်ဆောင်သွားလေရာ နေ၀င်ချိန်တွင် မျောက်တို့တိုင်းပြည်ကို ရောက်ရှိသွားလေသည်။ ဖူ့ဒိုင် အလောင်းကို တောပန်းတို့ဖြင့် ပြင်ဆင်ပြီး မျောက်ထီးပျို၊ မျောက်မပျိုတို့က လိပ်ပြာအိမ် အလောင်းထားရာစင်ကို လှည့်ပြီး ဖူ့ဒိုင်ကျေးဇူးကို ဖေါ်ထုတ်ကာ တေးကဗျာ၊ လင်္ကာများကို အော်ဟစ်သီဆိုကြလေသည်။ အချို့မျောက်တို့က ၀မ်းနည်းပက်လက်ဖြင့် ငိုယိုနေကြသည်။ ဖူ့ဒိုင် အလောင်းစင်ကို တစ်ညလုံး လှည့်ပြီး နံနက်မိုးလင်းသောအခါ မျောက်ဘုရင်ကြီး ရောက်လာလေသည်။ မျောက်ဘုရင်သည် ရွှေဖါးစည်၊ ငွေဖါးစည်၊ လိုတရဖါးစည် သုံလုံးဖြင့် အလောင်းစင်ကို လှည့်ပြီး တီးခတ်လေသည်။ သေဟန်ဆောင်နေသော ဖူ့ဒိုင်သည် မျောက်တို့၏ အပြုအမူကို အလွန်ရယ်ချင်နေသည်။ ကြာကြာ ဟန်မဆောင်မအောင့်နိုင်သော ဖူ့ဒိုင်သည် နှာ၀တွင် ပိတ်ထားသော တောမြက်ရိုင်းပွင့်ကို ထုတ်ပြီး ချေဆတ်လိုက်ရာ မျောက်အုပ်ကြီးက ဖါးစည်တီး ရပ်လိုက်လေသည်။ ထိုအခါ ဖူ့ဒိုင်က မတ်တပ်ရပ်လိုက်ပြီး တအား အော်ဟစ်လိုက်လေရာ မျောက်အုပ်တို့ ကြောက်လန့်ပြီး ထွက်ပြေးကြကုန်လေသည်။ ဖူ့ဒိုင်သည် ဖါးစည်များကို ကောက်ယူပြီး ဖါးစည်ကို တီးလိုက်သည်နှင့် လိုတရ ဖါးစည်တန်ခိုးကြောင့် ချက်ချင်းပင် မိမိတောင်ယာသို့ ပြန်လည်ရောက်ရှိလေသည်။ နောင်အခါ ဖူ့ဒိုင်သည် ဖါးစည် တီးလိုက်သည်နှင့် မျောက်အုပ်တို့သည် မလာဝံ့တော့ချေ။ ဖါးစည်တန်ခိုးကြောင့် တောင်ယာ အသီးအနှံများလည်း အထွက်တိုးလာစေလေသည်။ နောင်ခါ ဖူ့ဒိုင်သည် ဖါးစည်တန်ခိုးကြောင့် အကြီးအကဲ ဖြစ်လာလေသည်။ ဤသည်ကို အစွဲပြု၍ ကရင်လူမျိုးတို့က ဖါးစည်ကို သွန်းလုပ်ကြလေသည်။ ထိုမှစ၍ ကရင်လူမျိုးတို့က ဖါးစည်ရှိပါက သြဇာတိက္ကမရှိကြောင်း၊ ကြီးပွားတိုးတက်ကြောင်း၊ ဖါးစည်ကို စပါးကျီတွင် ထားရှိပါက စပါးများ တိုးပွား၍ စပါးများ အစားခံ အကုန်နည်းကြောင်း ယူဆယုံကြည်ကြလေသည်။ ဖူ့ဒိုင် လွန်ပြီးနောက်တွင် လူတို့က လောဘရမ္မက်ကြီးထွားလာပြီး သီလစမာဓိလည်း မမြဲဘဲ ရှိကြလေရာ လိုတရဖါးစည်လည်း ကွယ်ပျောက်သွားလေသည်။ ထိုမှစ၍ ဖူ့ဒိုင်ဖါးစည်ကို အတုယူပြီး သွန်းလုပ်ကြလေရာ ဖါးစည်အစ ဖူ့ဒိုင်က ဟူ၍ မျက်မှောက်တိုင် ပုံစကားအဖြစ် တည်ရှိလေသည်။
မန်းသင့်နောင် ရေးသည့်အရှေ့ပိုးကရင်စာအုပ်မှ ဖါးစည်သံ
Credit:စစ်မာန်ဟုန်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်