ပေါက်တူးဖ

ပေါက်တူးဖ (ရခိုင်ပုံပြင်)
ရှေးသရောအခါက ရွာတစ်ရွာတွင် "ပေါက်တူးဖ" ဟု အမည်ရှိသော လူတစ်ယောက်ရှိလေသည်။
တစ်နေ့သ၌ ၎င်းပေါက်တူးဖသည် ငရုတ်၊ ဖရုံ၊ ဗူး အစရှိသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် လယ်ကွင်းငယ်တစ်ခုကို ပေါက်တူးဖြင့် တူးဆွကာ နေလေသည်။
ထိုအခါ "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုဖမ်း၊ ငါ့ကိုဖမ်း" ဟူသော အသံတစ်ခုပေါ်လာ၏။ ပေါက်တူးဖလည်း ယင်းအသံလာရာကို လှည့်၍ကြည့်လိုက်သည်။
လူတစ်ဦးတစ်ယောက်ကိုမှ မမြင်၊ သစ်ငုတ်တိုတစ်ခု၌ နားနေသော ပဉ္စင်းငှက်တစ်ကောင်ကိုသာ မြင်သဖြင့် သူ၏အလုပ်ကိုသာ လုပ်မြဲတိုင်း လုပ်နေလေသည်။ ခဏကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုဖမ်း၊ ငါ့ကိုဖမ်း၊ ငါသစ်ငုတ်ပေါ်မှာ" ဟူသော အသံပေါ်လာပြန်သည်။ ပေါက်တူးဖလည်း အသံလာရာသို့ ကြည့်လိုက်ပြန်ရာ၊ ၎င်းပဉ္စင်းငှက်ကိုပင် မြင်သဖြင့် "ငါ့ကိုခေါ်သောသူမှာ အခြားသူမဟုတ်၊ ဤငှက်ငယ်ပင် ဖြစ်မည်" ဟုဆိုကာ ဂရုမစိုက်ဘဲ သူ၏ အလုပ်ကိုသာ ဆက်လုပ်နေပြန်လေသည်။
အတန်ငယ်ကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုဖမ်း၊ ငါသစ်ငုတ်ပေါ်မှာ" ဟူသော အသံပေါ်လာပြန်သည်။ ထိုအခါ ပေါက်တူးဖလည်း မနေသာတော့ဘဲ ယင်းပဉ္စင်းငှက်ကို ဖမ်းယူ၍ တောင်းငယ်တစ်လုံးနှင့် ချုပ်ထားလိုက်ပြီး သူ၏အလုပ်ကို ဆက်လုပ်ပြန်လေသည်။
ခဏမျှကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုဖမ်းကဖမ်းပြီး မသတ်လား၊ ငါ့ကိုသတ်၊ ငါ့ကိုသတ်" ဟူ၍ တောင်းထဲမှနေပြီး ငှက်ငယ်က ဆိုပြန်သည်။
ပေါက်တူးဖလည်း "ဒီငှက်ငယ်တစ်ကောင်နဲ့တော့ ဒုက္ခပါပဲ" ဟု ဆိုလျက် တောင်းထဲမှ ၎င်းငှက်ကို ထုတ်ယူပြီး သတ်လိုက်ပြီးလျှင် ၎င်းတောင်းထဲသို့ ပြန်ထည့်ထားကာ သူ၏အလုပ်ကို လုပ်မြဲလုပ်နေလေသည်။
မကြာမှီပင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုသတ်ကသတ်ပြီး ငါ့ကို အမွေးမနှုတ်လား၊ အမွေးနှုတ်၊ အမွေးနှုတ်" ဟု ငှက်အသေကောင်က ဆိုပြန်လေသည်။ ပေါက်တူးဖလည်း တောင်းထဲမှ ငှက်ကိုယူပြီးလျှင် အမွေးမျာကို ကုန်စင်အောင်နှုတ်ကာ တောင်းထဲ၌ပြန်ထည့်လျက် သူ၏အလုပ်ကို ဆက်လုပ်ပြန်သည်။
ခဏကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကို မခုတ်သင်လား၊ ငါ့ကိုသင်၊ ငါ့ကိုသင်" ဟု ဆိုပြန်လေသည်။ ပေါက်တူးဖလည်း ငှက်ကိုသင်ပြီးလျှင် အမွေးမျာကို ကုန်စင်အောင်နှုတ်ကာ တောင်းထဲ၌ထည့်ထားခဲ့ကာ အလုပ်ကို ဆက်လုပ်ပြန်လေသည်။
ခဏမျှကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုသင်ကသင်ပြီး၊ ငါ့ကိုမချက်လား၊ ငါ့ကိုချက်၊ ငါ့ကိုချက်" ဟု သင်ပြီးသောငှက်က ဆိုပြန်လေသည်။ ပေါက်တူးဖလည်း "ဒီနေ့တော့ ဒီငှက်တစ်ကောင်နဲ့ အလုပ်လုပ်ရတော့မှာ မဟုတ်ပါဘူး" ဟုဆိုကာ ၎င်းသင်ပြီးသောငှက်ကို ယူလျှက် အိမ်သို့သွားပြီး အိုးငယ်တစ်လုံး၌ ထည့်၍ချက်လေသည်။
ခဏမျှကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုချက်ကချက်ပြီး၊ မစားလား၊ ငါ့ကိုစား၊ ငါ့ကိုစား" ဟု အိုးထဲမှ ချက်ပြီးသောငှက်က ဆိုပြန်လေသည်။
ထိုအခါ ပေါက်တူးဖလည်း အိုးကို ခွင်ထက်မှ ထုတ်ယူကာ ၎င်းပဉ္စင်းငှက်သားကို စိတ်ဆိုးဆိုးနှင့် အကုန်စားပစ်လိုက်လေသည်။
ခဏမျှကြာလျှင် "ပေါက်တူးဖ၊ ပေါက်တူးဖ၊ ငါ့ကိုစားကစားပြီး ကျင်ကြီးမပါလား၊ ကျင်ကြီးပါ၊ ကျင်ကြီးပါ" ဟု ပေါက်တူးဖ ဝမ်းထဲမှနေကာ ဆိုပြန်လေသည်။
ထိုအခါ ပေါက်တူးဖလည်း ကျင်ကြီးမငတ် (မစင်မထွက်) သော်လည်း မတတ်နိုင်တော့ဘဲ အိမ်သာ (ချဖောင်သာ) သို့ပြေးသွားပြီး ဝမ်းကို ဖျစ်ညှစ်ကာ နောင်းဖေးသွားချလိုကလေရာ၊ ပေါက်တူးဖ၏ ဒွါယမှ မစင်ထွက်မလာဘဲ ၎င်းပဉ္စင်းငှက်ငယ်တစ်ကောင်သာ ထွက်လာပြီး ပျံသွားလေသည်
မှတ်ချက်။.....။ ပဉ္စင်းငှက် (ရခိုင်အခေါ်) မှာ မြန်မာအခေါ်အရဆိုလျှင် ပိန်ညှင်းငှက်၊ တိန်ညှင်းငှက်၊ ဒိန်ညှင်းငှက် ဟူ၍ဖြစ်သည်။ (Kingfisher)။ သို့သော် "ကောင်းကင်က ရွှေပိန်ညှင်းရယ် မိုးခေါ်လို့ဆင်း" ဟူသော ကဗျာ၌ မိုးခေါ်သော ငှက်ကို ပိန်ညှင်း ဟု ဆိုထားပြန်သည်။ ရခိုင်အခေါ်၌ မိုးခေါ်သောငှက်ကို (ရီတကျဲ့ 'ကျည့်' ငှက်) ဟု ခေါ်ပေသည်။ ပဉ္စင်းငှက် (Kingfisher) နှင့် မတူချေ။
လူထုဦးလှ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်