နှမ်းတစ်စေ့ပုံပြင်၊ ဖြူစင်တဲ့လောကနဲ့ အမျှင်မပြတ်တဲ့အတွေး.

နှမ်းတစ်စေ့ပုံပြင်၊ ဖြူစင်တဲ့လောကနဲ့ အမျှင်မပြတ်တဲ့အတွေး.

နှမ်းစေ့ကလေးတစ်စေ့အကြောင်း ပုံပြင်လေးတစ်ခု ကြားဖူးတယ်။ ဆီကြိတ်စက်ကြီးဆီကို အသွားမှာ ကွင်းပြင်တစ်ခုကိုဖြတ်သွားတုန်း မတော်တဆ မြေကြီးပေါ်ကို ကျကျန်နေခဲ့တဲ့ နှမ်းစေ့ကလေး တစ်စေ့ဟာ သူ့အပေါင်းအဖေါ်တွေနဲ့အတူတူ ဆီကြိတ်တဲ့ဆုံကြီးဆီကို ပါမသွားနိုင်ခဲ့ တော့ဘူး။ သူဟာ သူ့အဖေါ်တွေလို ဆီဖြစ်ခွင့်မရတော့လို့ အင်မတန်မှ ၀မ်းနည်း နေခဲ့မိတယ်။ တကိုယ်တည်း စိတ်ဓါတ်ကျစွာ ၀မ်းပန်းတနည်း ငိုကြွေး နေခဲ့တယ်။ သူဟာ သူ့အပေါင်းအသင်းတွေလို အသုံးကျတဲ့အရာ တစ်ခု ဖြစ်ခွင့်မရတော့တဲ့အပေါ် သူ့ကိုယ်သူ နာကျည်းလို့မဆုံး ဖြစ်နေခဲ့တာပေါ့။ နှမ်းစေ့ကလေးနားက မြက်ပင်လေး ကတော့ နှမ်းစေ့ကလေးကို အားပေးဖို့ကြိုးစားကြည့်တယ်။ မြက်ပင်ကလေးက အသင်ဟာ ဆီမဖြစ်ခဲ့ပေမယ့် ဆီဖြစ်နိုင်တဲ့ နှမ်းစေ့ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရတာ ဘယ်လောက် ကောင်းလိုက်သလဲလို့ ပြောတယ် နှမ်းစေ့ကလေးက ဆီဖြစ်ခွင့်မရမှတော့ နှမ်းတစ်စေ့ရဲ့ဘ၀ဟာ ဘာများ အသုံးကျတော့မှာလဲကွာလို့ ကြေကွဲတဲ့လေသံနဲ့ ပြန်မေးလိုက်တယ်။ တစ်ခုခုတော့ အသုံးကျမှာပါကွာလို့ မြက်ပင်လေးက ပြန်ပြောတယ်။ နှမ်းစေ့ကလေးကတော့ အားလျော့တဲ့ လေသံနဲ့ မဖြစ်နိုင်ပါဘူးကွာလို့ စိတ်ပျက်စွာ ပြန်ပြောလိုက်တယ်။ မြက်ပင်လေးကတော့ အားမလျော့သေးဘူး။ သူနှမ်းစေ့ကလေးကို ဘယ်လိုအားပေးရမလဲလို့ စဉ်းစားနေတယ်။ နှမ်းစေ့ကလေးရေ ဆီမဖြစ်ခဲ့ပေမယ့် မင်းမှာ တခြားလုပ်နိုင်တာ တစ်ခုခု ရှိနေချင် ရှိနေအုံးမှာပါကွာလို့ မြက်ပင်ကလေးက စဉ်းစားရင်း လှမ်းပြောလိုက် ပြန်တယ်။ ဆီမဖြစ်တော့တဲ့ နှမ်းတစ်စေ့က ဘာများလုပ်နိုင်စရာ ရှိရအုံးမှာလဲ။ အသုံးမကျတော့တဲ့ ဘ၀ပါဗျာလို့ နှမ်းစေ့က စိတ်ဓါတ်ကျသံနဲ့ ပြန်ပြောတယ်။
ဆီမဖြစ်နိုင်တော့ပေမယ့် နှမ်းပင်လေး တစ်ပင်တော့ ခင်ဗျားအနေနဲ့ ဖြစ်နိုင်သေးတယ်လေ မဟုတ်ဘူးလားလို့ မြက်ပင်လေးက မေးလိုက်ပြန်တယ်။ နှမ်းတစ်ပင်နဲ့လဲ ဆီဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးဗျာ။ အလကားပါပဲလို့ နှမ်းစေ့က စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြန်ပြောလိုက်တယ်။ ဒါတော့မှန်တာပေါ့ဗျာ။ တစ်ပင်တည်းနဲ့တော့လည်း ဘယ်ဆီဖြစ်ပါ့မလဲ။ ဒါပေမယ့်လည်း မင်းရဲ့ အပင်လေးက နှမ်းသီးလေးတွေသီး နှမ်းစေ့လေးတွေထပ်ကျ နောက်ထပ်
နှမ်းပင်လေးတွေထပ်ပေါက် အဲဒီအပင်လေးတွေကနေ နှမ်းစေ့ကလေးတွေ အများကြီး ထပ်ထပ်ကျ နှမ်းပင်ကလေးတွေ အများကြီး ထပ်ပေါက်ဆိုရင်တော့ သိပ်မကြာခင် ဒီနေရာမှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာနိုင်သေးတာပဲ မဟုတ်လားဗျာ။ ဒါဆိုရင် မင်းရဲ့မျိုးဆက်နှမ်းစေ့လေးတွေကတော့ ဆီဖြစ်ခွင့် ရှိလာနိုင်သေးတာပေါ့လို့ မြက်ပင်လေးက အားတက်သရော ပြောပြန်တယ်။ နှမ်းစေ့ကလေးက တစ်ချက်စဉ်းစားလိုက်ပြီး အင်းပေါ့လေ ဒီလိုဖြစ်လာရင်တော့ သိပ်မဆိုးပါဘူး။ နှမ်းတစ်စေ့ကနေ နှမ်းတစ်ပင်၊ နှမ်းတစ်ပင်ကနေ နောက်ထပ် နှမ်းပင်တွေဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော် နှမ်းတစ်ပင်ဖြစ်လာအောင် ကြိုးစားကြည့်ပါ့မယ်လို့ မြက်ပင်ကလေးကို ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ နှမ်းစေ့ကလေးကနေ နှမ်းပင်ကလေးပေါက် နှမ်းသီးလေးတွေသီး ရင့်မှည့်တဲ့အချိန်ရောက်တော့ နှမ်းသီးကလေးတွေက ပေါက်ကွဲထွက်ပြီး နှမ်းစေ့ကလေးတွေ ပတ်၀န်းကျင်မှာ ထပ်ကျရာကနေ နှမ်းပင်ကလေးတွေ ထပ်ပေါက် အဲသလိုနဲ့ပဲ သိပ်မကြာတဲ့နှစ်တွေအတွင်းမှာ နှမ်းစေ့ကလေးကျခဲ့တဲ့ ကွင်ပြင်ကြီးဟာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာခဲ့တယ်။ အဲဒီနှမ်းခင်းကြီးကို ဆီစက်အလုပ်သမားတွေ တွေ့တဲ့အခါ အလွန်အံ့သြကြတာပေါ့။ ဒီကွင်းပြင်ကြီးထဲမှာ ဒီနှမ်းခင်းကြီး ဘယ်လိုများဖြစ်လာပါလိမ့်လို့ အံ့သြတကြီးဖြစ်နေခဲ့ကြတယ်။ အဲဒါနဲ့ အလုပ်သမားတွေလည်း နှမ်းတွေရိတ်သိမ်းချိန်တန်တော့ အဲဒီနှမ်းတွေကို ရိတ်သိမ်းပြီး ဆီကြိတ်ဖို့အတွက် ဆီစက်ကိုပို့လိုက်ကြတယ်တဲ့။ ဆီဖြစ်ခွင့်မရခဲ့ရှာတဲ့ နှမ်းစေ့လေးတစ်စေ့ကနေ စခဲ့တဲ့ ဒီနှမ်းခင်းကြီးက နှမ်းစေ့ကလေးတွေ ကတော့ ဆီဖြစ်ခွင့်ရသွားခဲ့ကြတာပေါ့ကွယ်။

ကြားဖူးတဲ့ ပုံပြင်ကလေးကတော့ ဒီမှာပြီးသွားပါတယ်။ ဒါပေမယ့် မပြီးနိုင်တာကတော့ ကိုယ့်အတွေး… တကယ်နှမ်းစေ့ကလေးက အပြင်မှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်မဖြစ်တော့ ကိုယ်မပြောတတ်ဘူး။ ဒါကပုံပြင်ပဲလေ။ ကလေးတွေ အိပ်ယာ၀င်ချိန်မှာ ပြောပြဖို့ လူကြီးသူမတွေရဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်ငြားလည်း ပုံပြင်ထဲက နှမ်းစေ့ကလေးက ကိုယ့်စိတ်ကို ဖမ်းစားတယ်။ နှမ်းစေ့ကလေးအကြောင်း ကိုယ်လျှောက်တွေးတယ်။ အပြင်လောကမှာ နှမ်းစေ့ကလေးက ကိုယ်ဖြစ်နေခဲ့ရင်ကော…
နှမ်းပင်ကလေးတစ်ပင် ပေါက်လာအောင်ထိတောင် ကိုယ်စွမ်းဆောင်နိုင်ပါ့မလား… အတွေးပွားစရာ… ပြီးတော့ အပြင်မှာက မြက်ပင်ကလေးလို အားပေးမဲ့သူထက် ပစ္စလက်ခတ် မညှာမတာ နင်းခြေသွားကြမယ့်သူတွေကြားမှာ နှမ်းပင်ကလေး ရှင်သန်နိုင်ပါ့မလား။ နှမ်းစေ့ကလေး ကျကျန်နေခဲ့တဲ့ နေရာဟာ အပင်မပေါက်နိုင်တဲ့ ကျောက်တုံး ကျောက်ဆောင်တွေ ကြားမှာ ဖြစ်နေခဲ့ရင်ကော… အပင်ပေါက်နိုင်တဲ့နေရာမှာ ကျခဲ့ရင်တောင် ကြက်ယက် ငှက်စားအခြေအနေမျိုးမှာဆိုရင် အပင်လေးတောင် ဖြစ်ခွင့်ရပါ့မလား။ ပုံပြင်ထဲမှာ အားပေးတဲ့ မြက်ပင်လေးကြောင့်သာ နှမ်းစေ့ကလေးက အပင်ကလေးတစ်ပင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တာ။ မြက်ပင်လေးမရှိခဲ့ရင် နှမ်းစေ့ ကလေးဟာ ဆီလဲမဖြစ် အပင်လဲမပေါက် အခြေအနေမှာ စိတ်ဓါတ်ကျစွာနဲ့ပဲ အဆုံးသတ် သွားခဲ့မှာလား… တွေးစရာတွေက အမျှင်မပြတ်… ကိုယ်သာ နှမ်းစေ့ကလေးနေရာမှာ ဆိုရင်… မြက်ပင်ကလေးလဲ မရှိခဲ့ဘူးဆိုရင်… ကိုယ်အဆိုးတွေ အပျက်တွေချည်းပဲ တွေးမိနေခဲ့သလား။

ဖြူစင်ခြင်းတွေ လောကကြီးမှာ ရှားပါးနေတယ်။ လူတွေမှာ ဖြူစင်တဲ့နှလုံးသားတွေ မရှိကြတော့ဘူး။ လောကကြီးကတော့ အနက်ရောင်တွေပဲ လွှမ်းမိုးနေတော့တာပါပဲကွာ ဆိုတာမျိုး ညည်းငြူတာတွေ၊ နေရာတကာမှာ ဖြူစင်မှုဆိုတာ မရှိနိုင်ဘူး ဆိုတဲ့အသံတွေ မကြာခဏ ကြားကြား နေရတယ်။ အဲဒီလိုအသံတွေ ကြားရရင် ကိုယ့်အတွေးထဲကို ပုံပြင်ထဲက နှမ်းစေ့ကလေး ၀င်၀င်လာတတ်တယ်။ ဘာမှတော့လဲ မဆိုင်လှပါဘူး။ ဒါပေမယ့် ကိုယ့်အတွေးထဲမှာတော့ နှမ်းစေ့ကလေးက ဖြူစင်ခြင်းဆိုတဲ့ နှမ်းပင်ကလေး တစ်ပင်ကို ရှင်သန်နိုင်အောင် ကြိုးစားနေခဲ့တယ်။ သူ့အပင်ကနေ ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ ပွားများလာပြီး အဲဒီနှမ်းစေ့ကလေးတွေကနေတဆင့် ဖြူစင်ခြင်းဆိုတဲ့ နှမ်းခင်းကြီး ဖြစ်လာတဲ့ အထိ နှမ်းစေ့ကလေးတွေကို ဆက်လက် ပွားများစေခဲ့တယ်။ အဲဒီနှမ်းစေ့ကလေးတွေက နေရာအနှံ့ တစ်လောကလုံးကို ပြန့်ပွား သွားနိုင်ခဲ့ရင် ဖြူစင်ခြင်းတွေ နေရာအနှံ့ မရောက်နိုင်ပေဘူးလား။ အဲဒီလိုဆိုရင်တော့ ဖြူစင်တဲ့နှမ်းခင်းတွေ လောကကြီးထဲ နေရာအနှံ့မှာ ရှိလာတော့မှာပေါ့။ နေရာတကာမှာ ဖြူစင်မှုတွေ ပြန့်ပွားလာဖို့အတွက်
ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ အများကြီး ရှိလာဖို့တော့ လိုအပ်တယ်လေ။ နှမ်းကလေးတစ်စေ့ကနေ တဖြည်းဖြည်း ပွားများလာမယ့် နှမ်းခင်းကြီးဆိုတာ ဘယ်လောက်ကြာနိုင်သလဲ ကိုယ်မသိပါဘူး။ သို့ပေမယ့်လည်း ဖြူစင်တဲ့လောကဆိုတာ ဖြစ်လာနိုင်ဖို့အတွက် ကိုယ် ကိုယ်တိုင်ကအရင်ဆုံး ကိုယ့်နှလုံးသားထဲမှာရှိတဲ့ ဖြူစင်မှုဆိုတဲ့ နှမ်းစေ့ငယ်ကလေးကို အပင်ကလေး ပေါက်လာနိုင်အောင် ကြိုးစားရအုံးမှာ။ အဲဒီအပင်ကရလာမယ့် နှမ်းစေ့ကလေးတွေကိုလည်း ဆက်လက်ပြီး ပြန့်ပွားစေရအုံးမှာ…။ အဲဒီနှမ်းစေ့ကလေးတွေကနေ အပင်လေးတွေ ထပ်ထပ်ပြီး ပေါက်နေဖို့လည်း လိုအပ်သေးတာ… တဖြည်းဖြည်းတော့လည်း နှမ်းခင်းကြီးဖြစ်လာရမှာပေါ့။ ပြောရရင်တော့… ဒါ ကိုယ့်ရဲ့ မရူးမနှမ်း စိတ်ကူးယဉ်အတွေး သက်သက်ပါပဲ။ တကယ်တော့ အခုမှ ကိုယ်က နှမ်းပင်ကလေး တစ်ပင်ဖြစ်လာဖို့ ကြိုးစားကြည့်နေမိတဲ့ အညှောက်တောင် မပေါက်သေးတဲ့ နှမ်းစေ့ကလေး တစ်စေ့အဖြစ် စိတ်ကူးကြည့်ရုံသက်သက်လေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် တချိန်ချိန်မှာ နှမ်းစေ့ကလေးကနေ ဖြစ်လာမယ့် နှမ်းခင်းကြီးကိုတော့
ဖြူစင်တဲ့လောကကြီးအဖြစ် ကိုယ်မျှော်လင့်နေမိပါသေးတယ်။
နှမ်းစေ့ကလေးအတွက် ကိုယ်အဆိုးတွေချည့်ပဲ မတွေးခဲ့ပါဘူးဆိုတာ… ။ ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

**Posted by မအိမ်သူ **

#Credit_DoeMyanmar

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်