*အဟိ ံသ၏ နောက်ကွယ်၌

**အဟိ ံသ၏ နောက်ကွယ်၌**
-------------------------------------
တစ်ခါတုန်းကပေါ့…လေနတ်သားနဲ့ နေနတ်သားတို့ ကောင်းကင်တစ်နေရာမှာ တွေ့ဆုံကြပါလေရော…
လေနတ်သား။ ။ ငါက မင်းထက် အင်အားကြီးမားတယ်. ဘယ်အရာမဆို၊ ဘယ်လို အတားအဆီးမျိုးကို မဆို ဖြိုခွဲဖျက်ဆီးနိုင်စွမ်းရှိတယ်. မင်းကတော့ နေပူရုံပဲ ပူတတ်တာ. ဒီကြားထဲ မိုးတိမ်တွေအုံ့ဆိုင်းသွားရင် မင်းရဲ့ အလင်းရောင် ပျောက်ကွယ်သွားနိုင်သေးတယ်.
ဒါကြောင့် ငါဟာ မင်းထက် အင်အားကြီးမားသာလွန်တယ်ဆိုတာ မင်းလက်ခံရမယ်.
နေနတ်သား။ ။ အဲလောက်လည်း အပြောမကြီးနဲ့လေ. ဘယ်သူမဆို သူ့အထွာနဲ့သူ့အတိုင်းတော့ ရှိကြတာချည်းပဲ. ငါရှိနေလို့ ဒီကမ္ဘာလောကကြီးထဲမှာ သတ္တဝါတွေ အသက်ရှင်နေထိုင်နိုင်ကြတာ. သစ်ပင်တွေ၊ ရေမြေတောတောင်တွေ စိမ်းလန်းစိုပြည်နိုင်ကြတာ.
ရှည်ရှည်ဝေးဝေးမကြည့်နဲ့ကွာ. ငါ့ရဲ့အလင်းရောင်ကို မရတဲ့ သတ္တဝါတွေ၊ အပင်တွေ ဘာဖြစ်ကုန်သလဲ. အကုန်လုံးညှိုးနွမ်း အားလျော့ပြီး ပျက်စီးကုန်ကြရတယ်. ဒါကြောင့် ငါဟာ သတ္တဝါတွေအားလုံးရဲ့ ကိုးကွယ်အားထားရာ အားတစ်ခုဖြစ်တယ်.
ဒါကို မင်းနားလည်ထားသင့်တယ်.
ဒီလိုနဲ့ စကားအချေအတင် ပြောဆို ငြင်းခုန်နေကြဆဲမှာပဲ ခရီးသွားတစ်ယောက်ဟာ ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းလို့၊ ကုတ်အင်္ကျီထူထူထဲထဲကြီးကို ၀တ်ဆင်လို့ ဟိုးခပ်လှမ်းလှမ်းကနေ လမ်းလျှောက်လာခဲ့ပါတယ်.
လေနတ်သားက စပြောပါတယ်.
လေနတ်သား။ ။ ကဲ . နေနတ်သားရေ… ငါတို့နှစ်ယောက်ရဲ့ ခွန်အားတွေကို စမ်းသပ်ဖို့ အရာတစ်ခုတော့ တွေ့ပြီ. ဟိုးမှာ လူတစ်ယောက် ဒီဖက်ကို လမ်းလျှောက်လာနေတာ တွေ့လား.
နေနတ်သား။ ။ အေး. တွေ့တယ်.
လေနတ်သား။ ။ ဒီတော့. သူ၀တ်လာတဲ့ ဦးထုပ်နဲ့ အင်္ကျီကို သူ့ကိုယ်ပေါ်ကနေ ကွာကျသွားအောင် လုပ်နိုင်တဲ့သူသာလျှင် အမှန်တကယ် အင်အားကြီးမားသူ ဖြစ်လိမ့်မယ်. ဘယ်လိုလဲ. မင်းစိန်ခေါ်ရဲလား..
နေနတ်သား။ ။ လုပ်လိုက်လေ. ကြာသလားလို့. မင်းပဲ အရင်စလုပ်ပါဦး.
လေနတ်သား။ ။ ကောင်းပြီ.
မထီတရီပြုံးလျက် လေနတ်သားဟာ သူ့မှာ ရှိသမျှ ခွန်အားတွေကို စုစည်းလိုက်ပါတယ်.
ပြီးတာနဲ့ လေနတ်သားဟာ သူ့ရဲ့ အင်အားတွေ အကုန်လုံးကို ခရီးသွားဆီကို ဦးတည်လို့ အရှိန်အဟုန်ပြင်းစွာ လေတွေ တိုက်ခတ်ပစ်လိုက်ပါတော့တယ်.
ဒီလို လေပြင်းရုတ်တရက် တိုက်ခတ်လာတာကိုလည်း တွေ့ရော ခရီးသွားဟာ သူဆောင်းလာတဲ့ ဦးထုပ်ကို လေနဲ့ လွင့်ပါမသွားအောင် လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အောက်ကို ငိုက်ချလိုက်ပါတယ်. ကုတ်အင်္ကျီကိုလည်း
ကြယ်သီးတွေ စေ့နေအောင် တပ်ပြီး ကိုယ်ကို ယို့ထားလို့ လွင့်ပါမသွားအောင် ညှပ်ထားလိုက်ပါတော့တယ်.
လေနတ်သားလည်း ဘယ်လိုမှ မတတ်နိုင်တော့လို့ နောက်ဆုံးမှာ လက်လျှော့လိုက်ရတော့တာပေါ့…
ကဲ. နေနတ်သားအလှည့်ရောက်ပြီနော်.
နေနတ်သားဟာ လေနတ်သားရဲ့ ကျရှုံးမှုကို နှစ်ခြိုက်စွာ ခံစားလို့ သူ့ရဲ့ ခွန်အားတွေကို စုစည်းလိုက်ပါတော့တယ်.
ပြီးနောက် တိမ်လွှာတွေကြားထဲကနေ ထိုးဖောက်ပြီး ကောင်းကင်တစ်ခွင်လုံးကို လင်းဖြာစေလိုက်ပါတော့တယ်.
ဒီလို ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် ခရီးသွားဟာ ပျော်ရွှင်သွားပြီး ကောင်းကင်ကို မော့ကြည့်လို့ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ကြည်သာစွာ ခံယူလိုက်ပါတယ်.
ဒီ့နောက်မှာတော့ သူဟာ ၀တ်လာတဲ့ ကုတ်အင်္ကျီကို ချွတ်လို့၊ ဆောင်းလာတဲ့ ဦးထုပ်လေးကို အသာအယာ လက်ထဲမှာ ပွေ့ပိုက်လို့ ရွှင်ပျအေးချမ်းစွာ ခရီးဆက်သွားပါတော့သတဲ့.
နေနတ်သားက ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ လေနတ်သားကို ကြည့်လို့ ပြောလိုက်ပါတော့တယ်.
လောကကြီးမှာ ခွန်အားသုံးတိုင်း မအောင်နိုင်ဘူး. တစ်ဖက်သားရဲ့ လိုအပ်ချက်ကို သိမြင်မှ၊ အဲဒီ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှ ကိုယ်လိုချင်တဲ့ ရလဒ်ကို မျှော်လင့်နိုင်မယ်. ပျော့ပျောင်းငြင်သာမှုမှာ အင်မတန်မှ ကြီးမားတဲ့
ခွန်အားတစ်ရပ်ရှိတယ်ဆိုတာ မင်းသိထားသင့်တယ်…
ကဲ…. ပုံပြင်လေးကတော့ ဒါပါပဲလေ…
ဒီလိုပါပဲ… ကျွန်တော်တို့ရဲ့ အရေးတော်ပုံဟာလည်း လက်ရုံးရည်သာမက နှလုံးရည်ပါ ပါ၀င်နေတာမို့ ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုတယ်. အခက်အခဲတွေကို သည်းခံနိုင်ဖို့ လိုတယ်. ကဲ့ရဲ့ရှုတ်ချ စကားတင်းဆိုမှုတွေကို
တည်ကြည်ခိုင်မာစွာ ပြုံးပြနိုင်ဖို့ လိုတယ်.
ဒီတော့….
ကျွန်တော်တို့တွေ ကိုယ့်ရဲ့ ယုံကြည်ချက်မီးရှူးတိုင်ကြီးကို နောင်အနာဂတ်လူငယ်မျိုးဆက်သစ်တွေ အတွက် ခိုင်မာမြဲမြံစွာ ဆက်လက်ထွန်းညှိသွားကြတာပေါ့ဗျာ.
ကျွန်တော့်ရဲ့ မြန်မာစာဆရာ၊ ကဗျာဆရာ ဦးအေးငွေရဲ့ ရုန်းရင်းကန်ရင်း ကဗျာလေးကို လက်ဆောင်စကားလေး ပါးလိုက်ပါရစေ..
ရုန်းရင်းကန်ရင်း
လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျဆုံးတိုင်းသာ ငိုရပါမူဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တစ်၀က် လင်းတစ်၀က်သည်တစ်ရက်တစ်ခါ ကြုံမြဲသာတည့်
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာမျက်လှည့်ပမာ တွေ့မြဲသာတည့်။
ဘ၀သည်ကား တိုက်ပွဲများပင်လှုပ်ရှားရသော လူ့ရွာတော၀ယ်
လင်းသောမှောင်သော အောင်သောရှုံးသောချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသောကြမ်းသောနုသော ပူသောအေးသောစောကြောစိတ်ဖြာ မနေသာ။
လဲရာကထ ကျရာကတက်ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်းရုန်းရကန်ရမည်တကား…။
.....ဆရာဦးအေးငွေ.....
အားလုံးပဲ အသိပညာတွေ တိုးပွားလို့ ဘ၀တိုက်ပွဲအတွက် အားမာန်သစ်တွေ ရရှိနိုင်ကြပါစေဗျာ.
အားလုံးကို ချစ်ခင်လေးစားလျက်
**ရန်အောင်**
စကားကြွင်း။
အဟိ ံသ ဆိုတာကတော့ အကြမ်းမဖက် အနုနည်းလမ်းစဉ်ကို ဆိုလိုပါတယ် ခင်ဗျာ…
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်