အက်နေတဲ့ အိုးကလေး
ဆရာမောရ
ကလေးတို့ရေ….
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင် ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာ၀စ္စအတွက် အလုပ်တာ၀န်တွေကို ရွာလူငယ်လေးတွေကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။ “ကုသိုလ်ရေးမို့ မနှေးတက်ကြွ၊ ကလေး တွေရဲ့ ပညာရေးမို့ အားလုံး ဝုိင်း၀န်း ကူညီကြရမယ်” လို့ ခံယူထားကြတဲ့ လူငယ်တွေ မဟုတ်လား။ ရေထမ်းသမား မောင်ပညာလေးဟာ ရွာအပြင်ဘက်က စမ်းချောင်းလေးထဲမှာ နေ့စဉ် နေ့တိုင်း ရေခပ် ထွက်ရသတဲ့။ ရွာဦးဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းအတွက် ရေဖြည့်ပေးတဲ့တာ၀န်ကို ယူထားရသူပါ။
ကလေးတို့ရေ….
မောင်ပညာလေးဟာ ဆိုင်းထမ်းနဲ့ ရေအိုး ၂ လုံးကို သယ်ပိုးပါတယ်။ ရေအိုးတစ်လုံးကတော့ အနာအဆာမရှိ၊ မဖိတ်မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ခဲ့တယ်။ ဒုတိယရေအိုးမှာတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေသတဲ့။ ရေထမ်းသယ်လာရတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရေတွေဖိတ်စင်ကုန်တာပေါ့။
အဲဒီအတွက်ကြောင့် ကျောင်းကို ရောက်တဲ့အခါမှာတော့ ဒုတိယရေအိုးထဲမှာ ရေ တစ်၀က်သာ ရှိတော့တာပေါ့ကွယ်။ ၂ နှစ်လောက် ကြာတဲ့အထိကို ရေသယ်တိုင်း အိုး ၂ လုံးထမ်းရပေမယ့် တစ်အိုးနဲ့ တစ်၀က်သာ သယ်ပေးနိုင်ခဲ့တယ်လေ။ ပထမ ရေအိုးကတော့ အပြစ်အနာအဆာ ကင်းပြီး ရေအပြည့် သယ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူ၀င့်ကြွားလို့ နေပါတယ်။ သူက ဒုတိယ ရေအိုးကို အခုလိုပြောခဲ့ပါတယ်။
“ဟေ့.. ငါက မင်းထက်ပိုသာတယ်ကွ။ နေ့တိုင်းပဲ ရေအပြည့်သယ်ပေးနိုင်ပေမယ့် မင်းကတော့ တစ်၀က်သာ လုပ်နိုင်တာ။”
ဒုတိယ ရေအိုးလေးဟာ ဘာမှပြန်မပြောနိုင်ဘဲ စိတ်ဓါတ်ကျဆင်းလို့သာ နေရတာပေါ့ကွယ်။ ရှက်ရွံ့ အားငယ်စိတ်လည်း ဖြစ်နေမိသတဲ့။ ကလေးတို့မှာလည်း စိတ်ညစ်စရာတွေ ရှိသလားဟင်။
ကလေးတို့ရေ…
တစ်နေ့တော့ စမ်းချောင်းလေးနံဘေးမှာ မောင်ပညာဟာ ရေအိုး ၂ လုံးကို ချပြီး အမောဖြေထိုင်နေယင်း စမ်းချောင်း လေးရဲ့ ရေစီးသံနဲ့ သာယာလှပတဲ့ ပတ်၀န်းကျင် ရှုခင်းတွေ ကြည့်ရှု ခံစားနေခဲ့ပါတယ်။ ကလေးတို့ကော စမ်းချောင်း လေးရဲ့ ရေစီးသံကို နားဆင်ဖူးကြရဲ့လား။ စမ်းချောင်းလေးတွေက ကလေးတို့ကို တစ်ခုခု ပြောပြချင်နေကြတယ်။ ကြုံတဲ့အခါမှာ နားထောင်ကြည့်ပါကွယ်။
ခေတ္တအနားယူပြီးတဲ့နောက် မောင်ပညာလေးဟာ ရေဖြည့်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာ ဒုတိယရေအိုးလေးက အခုလို တောင်းပန်စကား ပြောပြခဲ့သတဲ့။
“ကိုပညာ ခင်ဗျား… ကျနော် အများကြီးကို စိတ်မကောင်း ဖြစ်မိပါတယ်။ ရှက်လည်းရှက်တယ်။ အဲဒီအတွက် ကိုပညာကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အားနည်းချက်ကို ခွင့်လွှတ်ပါခင်ဗျာ။”
“ဘာဖြစ်လို့လည်း ရေအိုးလေးရဲ့။ မင်းက ဘာတွေ စိတ်ညစ်နေရတာလဲကွာ။ ကျနော့်ကို ပြောပြစမ်းပါဦး။”
မောင်ပညာက ပြန်မေးတဲ့အခါမှာ ဒုတိယရေအိုးလေးက ၀မ်းနည်းပက်လက်နဲ့ အခုလို ပြန်ဖြေပါသတဲ့။
“ပြီးခဲ့တဲ့ ၂ နှစ်လုံးမှာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းအတွက်ကို ကျနော်က နေ့စဉ် ရေတစ်၀က်သာ သယ်ပေးနိုင် လို့ပါ။ ကျနော်မှာက ကွဲအက်နေတဲ့ အားနည်းချက်ရှိလေတော့ အပြည့် မသယ်ပေးနိုင်လို့ပါဗျာ။ ကိုပညာလည်း အင်နဲ့အားနဲ့ ကြိုစားသယ်ပိုးပေမယ့် ကြိုးစားသလောက် အပြည့်မရဘူး မဟုတ်လား။”
အဲဒီလို ကြားလိုက်ရတော့ မောင်ပညာဟာ ရေအိုးလေးရဲ့ ခံစားချက်ကို စာနာသနားမိပါသတဲ့။ ကလေးတို့ကော စိတ်ညစ်တဲ့အခါမှာ ဘယ်သူတွေကို ပြန်ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့.. နားလည်တတ်တဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ၊ ဆရာဆရာမတွေ ဖွင့်ပြောပြရမှာပေါ့ကွယ်။
မောင်ပညာက ရေအိုးလေးကို ကြင်ကြင်နာနာနဲ့ စကားတစ်ခွန်း ပြန်ပြောပြခဲ့ပါတယ်။
“ကဲ.. ရေအိုးလေးရေ…အချိန်လင့်တော့မယ်။ တို့တွေ အခု ရွာကျောင်းတွေဆီကို ပြန်ကြတဲ့အခါမှာ ရွာလမ်း တစ်လျှောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ပန်းလှလှလေးတွေကို ကြည့်သွားကြရအောင်နော်။”
ကလေးတို့ရေ…
အမှန်ပါပဲ။ စမ်းချောင်းနံဘေးကနေ ရွာထဲဖက်ကို ၀င်လာတဲ့လမ်းတစ်လျှောက်လုံးမှာ သိပ်လှတဲ့ အရောင်စုံ ပန်းမျိုးစုံဟာ ဖူးပွင့်ဝေဆာနေကြလိုက်တာ။ ကလေးငယ်တွေ၊ မိန်းမပျိုလေးတွေနဲ့ ရွာသူရွာသားတွေဟာလည်း ပန်းအလှတွေကို ကြည့်ရှုခံစားနေသူတွေ၊ ဘုရားမှာ ကပ်ဖို့၊ စာသင်ကျောင်းအလှဆင်ဖို့နဲ့ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့ ခူးယူနေကြသူတွေနဲ့ ရွာလုံးကျွတ်ကို ပျော်ရွှင်နေကြတယ်။ သနပ်ခါးဘဲကြားလိမ်းထားတဲ့ မိန်းမပျိုလေးတွေဟာလည်း ပန်းရောင်စုံပန်လို့ ဆည်းဆာချိန်မှာ အလှကြွယ်နေပြန်တယ်။
မောင်ပညာနဲ့ ရေအိုးလေး ၂ လုံးတို့လည်းပဲ ရွာသူရွာသားတွေနဲ့အတူ ပန်းအလှတွေကို ခံစားရင်း ကြည်နူးပျော်ရွှင် ကြသတဲ့။ စိတ်ညစ်နေတဲ့ ရေအိုးလေးလည်း သူ့အဖြစ်ကို ခဏလောက် မေ့ပျောက်ပြီး ပျော်ရွှင်နေတာပေါ့။ ကလေးတို့ကော ပန်းလေးတွေကို ချစ်တယ်မို့လား။ လမ်းဆုံးလို့ ရွာကျောင်းတွေဆီကို ရောက်ပြန်တော့ ရေက ဖိတ်စင်ခဲ့ရတာနဲ့ တစ်၀က်ပဲ ကျန်တော့တာမို့ စိတ်ညစ်ရပြီ။ ဒါနဲ့ ရေအိုးလေးဟာ မောင်ပညာကို ထပ်ပြီး တောင်းပန်စကား ဆိုပြန်တယ်။ မောင်ပညာက အခုလို ရှင်းပြခဲ့တယ်တဲ့။
“ဒီမယ်ရေအိုးလေးရဲ့… စောစောက ရွာလယ်လမ်းပေါ်မှာ ပန်းမျိုးစုံတွေကြား ပျော်ရွှင်နေကြတဲ့ ရွာသူရွာသားတွေကို အသင် တွေ့တယ်မဟုတ်လား။ တို့လည်း ပျော်ကြရတယ်နော်။ လမ်းနံဘေးက ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေ ကြောင့်ပါ။ မင်းရဲ့ အိုးမှာ အက်နေတဲ့ဟာလေး ရှိတာကို ကျနော် အစကတည်းက သိခဲ့ပါတယ်ကွာ။ အဲဒီအတွက် ကျနော်စိတ်ကူးရပြီး အသုံးချလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် တို့အလုပ် စတင်ကတည်းကပေါ့။ ရေသယ်လာရတဲ့ ရွာလမ်းတစ်လျှောက် မင်းရှိနေတဲ့ဖက်တွေမှာ ပန်းမျိုးစေ့လေးတွေကို ပျိုးကြဲထားခဲ့တယ်။ တို့တွေ နေ့တိုင်း ရေခပ်ချိန် စမ်းချောင်းလေးဆီက ရွာအပြန်လမ်းမှာ မင်းက ရေလောင်းပေးပြန်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ ပန်းတွေ ဖူးပွင့်ဝေဆာလာတာ အခုဆိုရင် ၂ နှစ်တောင်ရှိပြီပဲ။ ရွာသူရွာသားတွေဟာ ပန်းအလှတွေကြောင့် စိတ်ချမ်းမြေ့ ကြတယ်။ အိမ်မှာ၊ ရွာဦးဘုရားမှာ ပန်းပူဇော်ရင်း ကုသိုလ်ယူကြတယ်။ ရွာသားလုလင်ငယ်တွေက ရွာသူလုံမပျိုတွေကို ကေသာထက်မှာ ပန်ဆင်ဖို့ ပန်းလက်ဆောင်ပေးကြတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာ အလှဆင်ဖို့၊ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့နဲ့ စာသင်ခန်းတွင်း၊ စားပွဲပေါ်တင်ဖို့ ပန်းတွေခူးကြတယ်။ တကယ်လို့ ရေအိုးလေးသာ ပုံမှန်အတိုင်း ရေအပြည့် သယ်ယူနိုင်ခဲ့မယ်ဆိုရင် အခုလို ရွာကို အလှဆင်ဖို့ ဘယ်လွယ်လိမ့်မလဲ။ မင်းရဲ့ ကျေးဇူးကြောင့် အားလုံး ပျော်ရွှင်ခွင့်ရကြတာပါကွာ။”
မောင်ပညာက အခုလို အကျယ်တ၀င့် ရှင်းပြလိုက်တဲ့ အခါမှာတော့ ရေအိုးလေးဟာ အလွန်မှကိုပဲ ကျေနပ်စွာနဲ့ သဘောပေါက် လိုက်တော့တယ်။ ခရီးလမ်းဆုံးအထိ ရေအပြည့်မသယ်နိုင်ခဲ့ပေမယ့် သူ့မှာလည်း ဂုဏ်ယူစရာ ရှိနေပြီ မဟုတ်လား။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။
ကလေးတို့လည်း မျှော်လင့်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ စိတ်မညစ်ကြပါနဲ့နော်။ အားနည်းချက် ဆိုတာ လူတိုင်းမှာ ရှိစမြဲပါကွယ်။ ဒါပေမယ့် လူတိုင်းမှာ လုပ်နိုင်တာတွေ၊ လုပ်တတ်တာတွေ ကိုယ်စီ ရှိနေပြန်ပါတယ်။ မိမိနဲ့ အခြားသူတွေအတွက် ပျော်စရာကောင်းပြီး အကျိုးရှိမယ့် အလုပ်တွေ လုပ်စရာ အများကြီးရှိနေပါတယ်။
အတ္တဟိတလို့ခေါ်တဲ့ မိမိရဲ့ အကျိုးနဲ့ ပရဟိတလို့ခေါ်တဲ့ အများအကျိုးကို မျှမျှတတ သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ကလေးတို့ရဲ့
တောအစပ်တစ်နေရာက
ဆရာမောရ
Comments
Post a Comment