ညံ့ဖျဉ်းသောနေအိမ်များ

ညံ့ဖျဉ်းသောနေအိမ်များ
============
တစ်ခါက အင်မတန်တော်တဲ့ လက်သမားဆရာတစ်ယောက်ရှိပါသတဲ့..။ လက်သမားဆရာဟာ အလုပ်ကို အားကြိုးမာန်ထက်နဲ့ စိတ်၀င်တစားပြုလုပ်လေ့ရှိတာကြောင့် သူ့ရဲ့ လက်ရာဟာ အင်မတန် ကောင်းမွန်တယ်..။ သူ့ဘ၀တစ်လျှောက်လုံး လူနေအိမ်အလုံးပေါင်း မြောက်များစွာကိုလည်း လှပ ခိုင်ခန့်အောင် ဆောက်လုပ်ပေးလိုက်နိုင်တယ်..။ လက်သမားဆရာကြီးရဲ့အလုပ်ကြိုးစားမှုနဲ့ စေ့စပ်သေချာမှုတွေကို သူ့ရဲ့ ကန်ထရိုက်တာကလည်း အင်မတန်မှ သဘောကျ ချီးကျူးလေ့ရှိတယ်။
အဲဒီလိုနဲ့ နှစ်တွေတော်တော်များများ ကုန်ဆုံးလာခဲ့တယ်။ လက်သမားဆရာကြီးဟာလည်း တဖြည်းဖြည်း အိုမင်းလာခဲ့တယ်။ ဒါကြောင့် သူဟာ လက်သမားအလုပ်ကနေ အနားယူမယ်လို့ စဉ်းစားခဲ့တယ်။ အဲဒါကြောင့်လည်း သူဟာ ကန်ထရိုက်တာကို အိုမင်းလာတဲ့အတွက် အနားယူတော့မယ့်အကြောင်း လက်သမားအလုပ်ကို စွန့်လွှတ်ပြီး အေးချမ်းစွာနေတော့မယ့်အကြောင်း ပြောပြခဲ့တယ်။
ကန်ထရိုက်တာဟာလည်း အင်မတန်မှ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လက်သမားဆရာကြီးကို နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကို ဆောက်ပေးဖို့အတွက် တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့တယ်။
နှစ်တွေအများကြီးလက်တွဲလုပ်ကိုင်လာတဲ့ မျက်နှာကို ထောက်ရှုပြီး လက်သမားဆရာကြီးက နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကိုဆောက်ပေးဖို့ သဘောတူလိုက်တယ်။ ဒါပေမယ့် သူအနားယူဖို့ ဆုံးဖြတ်ပြီးခါမှ လက်ခံရတဲ့အလုပ်ဖြစ်တာကြောင့် စိတ်အားထက်သန်မှုတော့မရှိခဲ့ဘူး။
အဲဒီလိုနဲ့လက်သမားဆရာကြီးဟာ အိမ်ကို စိတ်မပါလက်မပါနဲ့ ဆောက်လုပ်ခဲ့ရတယ်။ တချို့နေရာတွေမှာ အားစိုက်ထုတ်မှုမလုပ်တော့ပဲ ဖြစ်ကတတ်ဆန်းပဲပြုလုပ်ပြစ်ခဲ့တယ်။ ပစ္စည်းကောင်းတွေကို ရှာဖွေ၀ယ်ယူခြင်းမရှိတော့ဘဲ ရရာ အညံ့စား သစ်နဲ့၊ အခြားအိမ်ဆောက်ပစ္စည်းတွေကိုသာ အသုံးပြုခဲ့တယ်။ လက်သမားဆရာကြီးဟာ အလုပ်အမြန်ပြီးမြောက်ရေးတစ်ခုကိုသာဦးတည်ပြီး နောက်ဆုံးအိမ်ကို တည်ဆောက်ခဲ့တယ်။
အဲဒီလိုနဲ့ သူ့ရဲ့ နောက်ဆုံးအိမ်ကို ပြီးဆုံးသွားတဲ့အခါ ကန်ထရိုက်တာကြီးဟာ နေအိမ်ကို လာရောက်ကြည့်ရှုခဲ့တယ်။ အဲဒီနောက်မှာတော့ နေအိမ်ရဲ့သော့ကို လက်သမားဆရာကြီးကို ကမ်းပေးလိုက်တယ်။ ပြီးတော့ ဒီလိုပြောတယ်
"ဒီအိမ်က ခင်ဗျားအတွက်... ကျနော့်ရဲ့လက်ဆောင်ပါ.မိတ်ဆွေကြီး"
လက်သမားဆရာကြီးဟာ အလွန်အံ့သြသွားခဲ့တယ်။ ရှက်ရွံ့မှုနဲ့အတူ နောင်တတရားပါ ရခဲ့ပြန်တယ်။ တကယ်လို့ သူ့အိမ်မှန်းသာသိခဲ့ရင်.. သူဆောက်လုပ်ခဲ့သမျှအိမ်တွေထက်ပိုပြီး ထူးခြားကောင်းမွန်အောင် သူလုပ်ခဲ့မှာပဲဖြစ်တယ်။ ခုချိန်မှာတော့ သူဆောက်လုပ်တဲ့ ခပ်ညံ့ညံ့နေအိမ်မှာ သူကိုယ်တိုင် နေထိုင်ရတော့မှာပဲဖြစ်တယ်...။
ဒီပုံပြင်လေးဟာ ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ တကယ်တော့ ကျနော်တို့ဟာ လက်သမား ဆရာလို ဘ၀ကို ဖြတ်သန်းနေကြရသူတွေသာလျင်ဖြစ်တယ်။ ဘယ်အလုပ်နေရာမှာမဆို.. အလုပ်အကိုင်တိုင်းဟာ မိမိတို့အတွက်နေအိမ်တွေသာလျင်ဖြစ်တယ်။ ကိုယ်ဆောက်လုပ်တဲ့အိမ်မှာ ကိုယ်တိုင် နေထိုင်ရမှာဖြစ်သလို..ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့သာ ကိုယ့်ဘ၀ တောက်ပြောင်လာမှာပဲဖြစ်တယ်။
သူတပါးလက်အောက်မှာလုပ်နေရတဲ့ ၀န်ထမ်းပဲဖြစ်နေပါစေ... ကိုယ်ကြိုးစားမှုဟာ ကိုယ့်ရဲ့ ဂုဏ်သတင်းနေအိမ်ကိုယ်တိုင်တည်ဆောက်နေရတာပဲဖြစ်တယ်။ "အားပြည့်အင်ပြည့် စိုက်ထုတ်မှုမရှိလဲ.. ဖြစ်ပါတယ်လေ..ငါ့အတွက်အကျိုးမရှိလှပါဘူး" ဆိုတဲ့ လူဖျဉ်းလူညံ့တွေရဲ့စိတ်ဟာ... လက်သမားဆရာရဲ့ အိမ်ညံ့လို မအောင်မြင်တဲ့ဘ၀ကို ဦးတည်နေမှာပဲဖြစ်တယ်။
တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ အခြားသူရဲ့အလုပ်လို့ထင်မြင်ပြီး ပြီးစလွယ် ပြုလုပ်လိုက်တာတွေဟာ.. ကိုယ့်ကို တစ်စုံတစ်ရာ မထိခိုက်စေဘူးလို့ ထင်မြင်နေတတ်ကြပြန်တယ်။ ဒါပေမယ် "ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်တိုင်ရိတ်သိမ်းရမယ်" ဆိုတဲ့စကားလို ကိုယ့်ရဲ့အလုပ်အရည်အသွေးဟာ ကိုယ့်အရည်အချင်းကို ကိုယ်စားပြုတာသာဖြစ်တယ်။ ညံ့ဖျဉ်းတဲ့စိတ်ဓါတ်ဟာ၊ ညံ့ဖျဉ်းတဲ့ အရည်အသွေးကို ပုံဖော်တဲ့အတွက်၊ မအောင်မြင်တဲ့ သေးသိမ်းတဲ့ ဘဝနေအိမ်ကိုသာ ဖြစ်ပေါ်စေမှာပဲဖြစ်တယ်။
တစ်ကယ်တော့ ကျနော်တို့ရဲ့ Profession တွေဟာ ကျနော်တို့ရဲ့ နေအိမ်တွေပဲဖြစ်တယ်။ အလုပ်ဟူသမျှကို အရည်အသွေးအမြင့်ဆုံးဖြစ်အောင်ကြိုးစားရင်း.. မိမိတို့ရဲ့ နေအိမ်ကို လှပခိုင်ခန့်၊ သေသပ်စွာ ဆောက်လုပ်သင့်လှတယ်။
The amount of effort you put in is the amount of results you end up with.
ဆိုတဲ့စကားလို.. ကိုယ်ရဲ့အားထုတ်မှုတဲ့တန်တဲ့ ရလဒ်ကိုသာရရှိမှာကို သတိမူသင့်လှတယ်.။
ဘဝနေအိမ်ကို လှပခိုင်ခန့်စွာ တည်ဆောက်နိုင်ကြပါစေ..
(ဖြိုးသုတ)
#Credit

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်