ပုံပြင်(၉)
တစ်ခါက
သူဌေးကြီး၊ ကုန်သည် နဲ့ ပညာရှိ တို့ သူငယ်ချင်း သုံးဦးရှိ လေတယ်။ သူတို့သုံးဦးတွင် သားတစ်ယောက်စီ ရှိပြီး သားသုံးယောက်တို့သည်လည်း မိတ်ဆွေ သူငယ်ချင်းတွေဖြစ်ကြတယ်။
သားသုံးယောက်တို့ဟာ ယောက်ကျားတို့တတ်အပ်သော ပညာတို့ အလုံးစုံ သင်ယူတတ်မြောက် အရွယ်ရောက်သော်လည်း အပျော်အပါး ၊ အသောက်အစားတို့တွင်သာ မွေ့လျော်ပျော်ပါးရင်း အချိန်ကုန်လွန်နေတော့ ဖခင်ဖြစ်သူသုံးဦးဟာ နေ့စဉ် ဆူပူကြိမ်းမောင်း နေတော့တယ်လေ။
ဒါနဲ့ သူငယ်ချင်းလူငယ်သုံးယောက်လည်း အိမ်ကဆင်းပြီး ထွက်ပြေးကြဖို့တိုင်ပင်ကာ သုံးယောက်အတူ ထွက်ပြေးကြလေတော့တယ်။ မြို့ရွာတွေမှာ ပျော်ပါးသောက်စားကြရင်း ပါလာတဲ့ ငွေကြေးအသပြာကုန်တဲ့အခါ
သူဌေးကြီးရဲ့ သားက ငွေရှိတဲ့အခါ ကိစ္စအတော်များများပြီး မြောက်အောင်မြင်တာ ဖြစ်တဲ့ အတွက် ပတ္တမြားတောင်ကို သွားလို့ ပတ္တမြားတူးဖို့ ဆိုသတဲ့။ ကျန်သူတို့ကလည်း သဘောတူကာ ပတ္တမြားတောင်သို့ ခရီးဆက်ကြပါတော့တယ်။
ဒီလိုနဲ့ ပတ္တမြားတောင်ကို ရောက်တဲ့အခါ သုံးယောက် နေရာ ခွဲ၍ ပတ္တမြားရှာကြရာ ကံကောင်းထောက်မစွာ ပတ္တမြား ပြည်တန်ပတ္တမြားတစ်လုံးစီ ရရှိလာတော့တယ်။
ထိုအခါ မိမိနေရပ်သို့ ပြန်ရန်စီစဉ် တိုင်ပင်တဲ့အခါ လမ်းခရီး၌ ပတ္တမြားတောင်မှ ပတ္တမြားတူး ပြန်လာသူတို့ထံက ခိုးဆိုး လုယက် သတ်ဖြတ်လေ့ရှိသော လူဆိုးလူမိုက်တို့ရန် ကြောင့် ပတ္တမြားတွေကို ၀မ်းထဲသို့ မျိုချ၍ သယ်ဆောင်ရန် အကြံရကာ ထမင်းဖြူနှင့်ရော၍ ၀မ်းအတွင်း မျိုချကြလေတယ်။
ထိုအချိန် သူခိုးတစ်ယောက်ဟာ သူတို့သုံးဦး ပတ္တမြားကို မျိုချလိုက်တာတွေ့ပြီး ချဉ်းကပ်ပေါင်းသင်းကာ သူတို့သုံးဦးအိပ်တဲ့အချိန်ကျမှ ၀မ်းကိုဖောက် ပတ္တမြားကို ယူမယ် ကြံစည်ပြီး အသနားခံ လမ်းကြုံလိုက်ပါရစေ တောင်းပန်သတဲ့။ သူတို့သုံးဦးလည်း လိုက်ခွင့်ပြုပြီး အပြန်ခရီးဆက်ကြရာ လမ်းခရီးတစ်နေရာက ရွာတစ်ရွာကို ရောက်ခဲ့လေတယ်။
အဲဒီရွာမှာ လူဆိုးခေါင်ဆောင်တစ်ဦးရှိပြီး သူ့ထံတွင် လူစိမ်းလာလျှင် အဖိုးတန်ရတနာပါ ပါက အော်ဟစ်အသိပေး အချက်ပြတ်တတ်တဲ့ ထူးဆန်းတဲ့ ငှက်ကြီးတစ်ကောင် ရှိလေတယ်။ ထိုငှက်ကြီးရဲ့ အော်မြည်သံ ဘာသာစကားကိုလည်း လူဆိုးခေါင်းဆောင်ကသာ အဓိပ္ပာယ်သိရှိနားလည်တယ်။
သူခိုးအပါအ၀င် လူငယ်သုံးယောက်တို့ ရွာထဲ၀င်သောအခါ ထိုငှက်ကြီးမှာ အော်မြည်လေတော့တယ်။
ထိုအခါ လူဆိုးက တပည့်လက်သားတို့အား လူစိမ်းတို့ကို ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ရှာဖွေစေကာ အဖိုးတန် ရတနာ မတွေ့သောအခါမှ လွှတ်လေတယ်။ တဖန် ငှက်ကြီး သည် အော်မြည် လိုက်ပြန်သတဲ့။
လူဆိုးခေါင်းဆောင်လည်း သူ့ငှက်ကြီးသည် တစ်ခါဖူးမျှ လွဲမှားခြင်းမရှိ အချက်ပေးအော်မြည်တတ်ရာ ထိုသူတို့ကို ဖမ်းစေပြန်သည်။
ထို့နောက် ခန္ဓာကိုယ် အနှံ့ရှာဖွေသော်လည်း တန်ဖိုးရှိသော ရတနာကိုမတွေ့ရှိသောအခါ ဒေါသအမျက်ထွက်လေတော့တယ်။ ထို့ကြောင့် ထိုသူလေးယောက်တို့အား နေ၀င်ခါနီးအချိန်တွင် ၀မ်းဗိုက်ကို ဖောက်၍ ၀မ်းထဲ၌ ရတနာကို ရှာဖွေရန် လူငယ်သုံယောက်နှင့် သူခိုးတို့ရှေ့တွင် ကြိမ်းဝါး ပြောဆိုကာ ချည်နှောင်ထားလိုက်ပါတော့တယ်။
ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအ၀င် လူငယ်သုံးဦးလုံး သေရမည့်အရေးကို တွေးကာ မိမိကိုအရင်သတ်၍ ၀မ်းဗိုက်က်ု ခွဲ ရတနာကို ရှာဖွေလို့ မတွေ့ရှိပါက ကျန်သူသုံးဦး လွတ်မြောက်နိုင်ကြောင်း တွေးကာ နေ၀င်ချိန်နီး သတ်ဖြတ်ခံရနီးအချိန်တွင် မိမိတို့တွင် အဖိုးတန်ရတနာ တကယ်မပါရှိကြောင်း သတ်၍ ၀မ်းဗိုက်ကိုခွဲကာ ရတနာကို ရှာဖွေမည်ဆိုလည်း မိမိ၏ မိတ်ဆွေများကို မိမိရှေ့တွင် အသတ်ခံရတာကို မကြည့်ရက်နိုင်တာကြောင့် မိမိအား အရင်သတ်၍ ရှာဖွေပါ ဟု ပြောကြားလေတယ်။
လူဆိုးခေါင်းဆောင်လည်း သူခိုးကို အရင်သတ်၍ ၀မ်းဗိုက်ကိုခွဲကာ ရတနာကို ရှာဖွေစေသော်လည်း ရတနာကို မတွေ့ရှိသောကြောင့် သူခိုးပြောသော ရတနာ မပါရှိဘူးဆိုသည်မှာ အမှန်စကားဖြစ်သည်။ ငှက်ကြီးကို ယုံမိ၍ အကျိုးမရှိ ရတနာ မရဘဲ လူတစ်ယောက်ကို သေစေခဲ့သည် ဆိုပြီး ကျန်သူ သုံးယောက်ကို လွှတ်လိုက်လေသည်။
................................................................
ဘ၀အခြေအနေအရ ၊ ဘ၀အကျိုးပေးကံအရ အသက်မွေး၀မ်းကြောင်း အလုပ်အမျိုးမျိုးနဲ့ ကျင်လည်လုပ်ကိုင်နေကြရပေမဲ့ ပုံပြင်ထဲက သူခိုးလို အရေးကြုံတဲ့အခါ အသက်သေခံရတာချင်းအတူတူ ဒုက္ခရောက်တာချင်းအတူတူ မိမိမိတ်ဆွေများသက်သာရာ သက်သာကြောင်းကြံဆ၍ အနစ်အနာခံလိုစိတ်ရှိသော သူများ လောကတွင် အများသားရှိသလို ၊ မိမိအတွက်သာ ကြည့်မြင်တတ်သူ တွေလည်း အများသားပါ။
်
သူတော်ကောင်းစိတ်ဓာတ်ဟာ
နှလုံးသားတွင် ကိန်းအောင်းနေလေ့ရှိပြီး
တချို့တွေဟာ
တစ်ခါတလေမှာ
အရေးကြုံတဲ့အခါ စွန့်လွှတ်အနစ်နာခံ ပေးဆပ်တတ်တဲ့ စိတ်မျိုးပါ။
ဆရာကြီးမင်းသု၀ဏ် ရေးသားခဲ့သော ပုံပြင်ကို မှတ်မိသမျှ ပြန်လည်ဝေမျှပါသည်။
Comments
Post a Comment