အမေ(၃)ယောက်ရဲ့ ပုံပြင်

အမေ(၃)ယောက်ရဲ့ ပုံပြင်
တစ်နေ့မှာ အမေသုံးယောက်စကားလက်ဆုံကြနေခဲ့ပါတယ်။
အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။
"မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို
အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ
အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊
အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။
အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။
ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။
လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့
မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ
ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင် ကျွန်မအတွက် အသားကင်တစ်ကင်
ထည့်ပေးဖော်မရခဲ့ဘူး။ ရင်နာလိုက်တာရှင်"
ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့ ဒုတိယမိခင်ကလည်း ရင်ဖွင့်စကားဆိုပါတယ်။
"အိုး...ရှင်... ရှင်က သားရဲ့အသားကင်လေးပဲ မစားရတာပါ။ သိပ်အဖြစ် မဆိုးသေးပါဘူး။
ရှင့်ချွေးမကို ရှင်လုပ်မပေးရတာ ကံကောင်းပြီမှတ်ပါ။ ကျွန်မရဲ့ မကြာခင်ကမှ
နိုင်ငံခြားကပြန်လာခဲ့တဲ့ သားကလေ ကျွန်မကို ျနိုင်ငံခြားကနေ သော့တွဲတစ်တွဲ
လက်ဆောင်ဝယ်ပေးခဲ့သတဲ့။ သူ့နှမကိုလည်း သော့တွဲလက်ဆောင်တဲ့။
ဟော.. သူ့ချစ်သူအတွက်ကျတော့ လစာနှစ်လစာအကုန်ခံပြီး Cartier မိန်းမပတ်နာရီတစ်လုံး
ဝယ်ပေးတယ်လေ။ သူက ကျွန်မကိုမေးသေးတယ်။ နာရီ အဖိုးနည်းသေးလားတဲ့?
နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး နင့်ကောင်မလေးကို သော့တွဲပေးလိုက်ပါလားလို့ ကျွန်မရွဲ့ပြီး ပြောလိုက်တယ်။ တကယ်လို့ နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင်
သော့တွဲပေးပေး ဘာပေးပေးယူမှာပေါ့လို့ဆိုပြီး နာရီကို ကျွန်မလုယူလိုက်တယ်လေ။
ဒါကို ကိုယ်တော်ချောက ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။ ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့ ကောင်းတာပါရှင်...
"မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က သက်ပြင်းရှည်တစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း...
"တခြားရှုထောင့်ကနေကြည့်ရင် ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က ရင်နာစရာမကောင်းပါဘူးရှင်..
သားက ကိုယ့်မိန်းမအပေါ်၊ ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာသူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။
သားကို တကယ်ချစ်တဲ့လူရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။ အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိတတ်ကြဘူး။
လေထုနဲ့တူတဲ့ အမေကိုပိုလို့တောင် သတိမထားမိကြပါဘူး။
အမေဆိုတာ သားသမီးတွေရဲ့ လေထု၊ အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ လေထုရဲ့အရေးပါတာကို
သူတို့သိကြတယ်လေ။ အမေတွေကလည်း အမေပါပဲ။ သားသမီးတွေကို ဘယ်တော့မှ အောက်ဆီဂျင်
အပြတ်မခံခဲ့ကြပါဘူး""ကျွန်မမှာ အသက်(၃ဝ)အရွယ် သားတစ်ယောက်ရှိတယ်။
သားရဲ့ချစ်သူက ကွန်ပြူတာပါ။ သားဟာ နေ့တိုင်းအခန်းအောင်းပြီး ကွန်ပြူတာနဲ့ပဲ ရည်းစားဖြစ်တယ်။
အိမ်ထဲအိမ်ပြင် မထွက်ဘူး။ ကျွန်မကြည့်လို့မရတာနဲ့ နေ့တိုင်း သူ့အခန်းဝင်ရှင်းပေးရတယ်။
စားစရာတွေ ယူသွားပေးရတယ်။ ဒါတောင် သူက ကျွန်မကိုရှုပ်လို့ဆိုပြီး
အခန်းပြင်ဖက် မောင်းမောင်းထုတ်တယ်။ တွန်းထုတ်တယ်လေ။
ကျွန်မအဖြစ်ကမှ တကယ့်ရင်နာစရာကောင်းပါတယ်။
ဒီသားကို ဘယ်အရွယ်အထိ ကျွန်မပြုစုစောင့်ရှောက်ရမလဲ မသိတော့ပါဘူး။
တကယ်လို့ သူ့မှာသာ တကယ့်ချစ်သူတစ်ယောက်ရှိရင် အဲဒီချစ်သူကို ကျွန်မ
အသားကင်ကျွေးနိုင်ပါတယ်။ Cartierနာရီလေး လက်ဆောင်ပေးနိုင်ပါတယ်"
လို့ ပြောပြီး ငိုချလိုက်ပါတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲ...
မြန်မာအဲရင်းအဖွဲ့ (၂ဝ၁၅ မေလ)
#Credit

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်