ဟ သူတော် နဖင်ခြူး________________ဟ သူတော် နဖင်ခြူး________________

ဟ သူတော် နဖင်ခြူး________________(ပုံပြင်)
လူထုဦးလှ
ရှေးအခါက တောရွာတစ်ရွာနှင့် မနီးမဝေးတွင် တောကျောင်းတစ်ကျောင်း၌ တောထွက်ဘုန်းကြီးတစ်ပါးနှင့် ဖိုးသူတော်တစ်ယောက် နေထိုင်ကြ၏။
ဖိုးသူတော်သည် ဘုန်းကြီးအား ဆွမ်းခံ၍ ဝတ်ပြုနေသူဖြစ်ရာ တစ်နေ့တွင် အိမ်တစ်အိမ်မှ ဖွတ်သားဟင်းချက်၍ ဖိုးသူတော်ကြီးအား လောင်းလှူလိုက်၏။ ကျောင်းသို့ရောက်သော် ဖိုးသူတော်ကြီးသည် နေ့တိုင်းကဲ့သို့ ဆွမ်းပွဲပြင်ပြီး ဘုန်းကြီးပင့်ကာ ဤဟင်းက ဝက်သားဟင်းပါဘုရား၊ ဤဟင်းက ကြက်သားဟင်းပါဘုရား စသည်ဖြင့် လျှောက်ထားပြီး ထိုနေ့တွင် ဟင်းထူးရခဲ့သေးကြောင်း လျှောက်ထားသည်။ ဘုန်းကြီးသည် လက်ဆေးရင်း "ဘာဟင်းများလဲဟဲ့ သူတော်" ဟု မေးလိုက်၏။ ဖိုးသူတော်က "ဖွတ်သားဟင်းပါဘုရား" ဟု လျှောက်ထား၏။ "အေး ငါဒီအသက်အရွယ်အထိ ဒီအသားမစားဖူးသေးဘူး၊ ဘယ်လိုများ အရသာထူးရှိသလဲဆိုတာ မြည်းကြည့်ရတာပေါ့ကွာ" ဟု ဆိုပြီး ဘုဉ်းပေးကြည့်ရာ အရသာတွေ့၍ ထိုဖွတ်သားဟင်းပန်းကန်ကိုပင် ဆွမ်းဖြင့်လူးကာ ဘုဉ်းပေးလိုက်လေသည်။
ဖိုးသူတော်ကြီးကလည်း `ငါလည်း ဒီအသားဟင်းကို ဒီအရွယ်အထိ မစားဖူးသေးဘူး၊ ဘုန်းကြီးပြီး ငါပဲ´ ဟု စိတ်ထဲက ကြိမ်းထားသည်။ ဘုန်းကြီးဆွမ်းစားပြီး၍ ဖိုးသူတော်အလှည့်သို့ ရောက်သောအခါ သူစားလိုသောဟင်း ကုန်နေသည်ကို တွေ့ရသဖြင့် "ဘုန်းကြီးဆိုတာ ငါက ကပ်မှသာ စားရတာပါ၊ နောက်တစ်ခါကျရင် ငါ့အလှည့်ပေါ့ကွာ" ဟု ဖိုးသူတော်ကြီးသည် မကျေမနပ်နှင့် နှုတ်မှ ရေရွတ်ပြောဆိုနေလေသည်။
တစ်နေ့တွင် ဘုန်းကြီးသည် ကျောင်း၏ အရံအတား အကာဖြစ်သော ဆူးရိုး(ခရိုး)ကို လုံခြုံမှုရှိမရှိ လျှောက်၍ကြည့်နေစဉ် ဖွတ်ကြီးတစ်ကောင် ကျောင်းဝင်းဘက်ရှိ မန်ကျည်းပင်ပေါ်သို့ ပြေးတက်သည်ကို မြင်လိုက်၍ "ဟဲ့ သူတော် သူတော်" ဟု ထိတ်ထိန်လန့်လန့် ခေါ်လိုက်သည်။ ဦးသူတော်လည်း အနီးသို့ လျင်မြန်စွာ ရောက်လာခဲ့၏။ ဤတွင် ဘုန်းကြီးသည် မိမိ၏ဣနြေ္ဒကို မပျက်စေရန် အထူးငတိထားပြီး "ဒီမန်ကျည်းပင်ကိုင်း ဘယ်နှစ်ကိုင်းရှိသလဲ ရေစမ်း" ဟု ပြောလိုက်သည်။
ဦးသူတော်သည် ဘာရည်ရွယ်ချက်နှင့် ခိုင်းသည်ကို မရိပ်မိချေ။ "တစ်ကိုင်း နှစ်ကိုင်း သုံးကိုင်း လေးကိုင်း ငါးကိုင်း ရှိပါသည်ဘုရား" ဟု လျှောက်ထား၏။ "ဟ သူတော် ထပ်ရေစမ်းပါဦး" ဟု သုံးကြိမ်အထိ ခိုင်း၏။ နောက်ဆုံးအကြိမ်တွင်မှ ဦးသူတော်သည် ဖွတ်ကြီးပိုးနေသော အကိုင်းကိုမြင်သည်နှင့် "တစ်ကိုင်း နှစ်ကိုင်း သုံးကိုင်း လေးကိုင်း ဖွတ်ကိုင်း" ဟု လျှောက်လိုက်သည်။ ဘုန်းတော်ကြီးသည် `ဝိနည်းတတ် ကြက်သတ်´ ဆိုသကဲ့သို့ "ဟဲ့ သူတော် အဲဒီဖွတ်ကြီးကို သတ်လားပြုလား လုပ်မနေနဲ့နော်" ဟု ပြောဆိုပြီး ကျောင်းတွင်းသို့ ဝင်သွားတော့သည်။
ဦးသူတော်ကြီးသည် ဘုန်းကြီး၏ ဆိုလိုမှုအဓိပ္ပါယ် အမူအရာကို ရိပ်မိ၍ ဖွတ်ကြီးကို သတ်လိုက်လေသည်။ ထိုရသော ဖွတ်ကြီးကိုယူပြီး ဘုန်းတော်ကြီးအား ပြရာတွင် ဘုန်းကြီးက "မိုက်ပါဘိ သူတော်ရယ် သွား သွား ဒီအသားတွေ ချက်လားပြုတ်လား လုပ်မနေနဲ့" ဟု ပြောဆိုလိုက်ပြန်သည်။ ဦးသူတော်သည် တစ်ဆင့်တက်၍ ကောင်းမွန်စွာ ချက်ပြုတ်ပြီး ဘုန်းကြီးအား တစ်ဖန်ပြပြန်၏။ ဘုန်းကြီး သည် အချိန်လွန်နေပြီဖြစ်သဖြင့် "နက်ဖြန်ကျတော့ ဒီဟင်း ငါ့ကို ကပ်လားပြုလား လုပ်မနေနဲ့" ဟု အမိန့်ရှိလိုက်သည်။ ဦးသူတော်ကမူ `အရင်တစ်ခါ ဆွမ်းဟင်းခွက်တုန်းက ဒီဘုန်းကြီးဟာ ငါစားဖို့မချန်ဘူး ဒီတစ်ခါလည်း ငါစားရမယ် မထင်ဘူး။ အဲဒီတော့ ဒီဟင်းတွေကို ငါအကုန်စားပြီး ခြင်ကောင် ယင်ကောင်တွေ အိုးထဲဖမ်းထည့်ထားရင် ငါ့အကြံအောင်နိုင်တယ်´ ဟု ကြံစည်၍ ဖွတ်သားတစ်အိုးလုံးကုန်အောင် အဝအတင်းစားပြီး ခြင်ကောင် ယင်ကောင်များကို ထိုအိုးထဲပည့်အောင် ဖမ်းထည့်ထားလိုက်လေသည်။
နောက်တစ်နေ့ ဘုန်းကြီးဆွမ်းပွဲအရောက်တွင် ဖိုးသူတော်သည် ဖွတ်သားဟင်းအိုးကြီးကို မချီလာကာ ဘုန်းကြီးအနီးတွင်ချလျက် ဟင်းကိုခပ်မည်ပြုဟန်ဖြင့် ဖွင့်လိုက်ရာ ခြင်များယင်များ တဝီဝီမြည်လျက် အထက်သို့ ပျံတက်သွားသည်ကို အံ့ဩစွာမြင်ရ၍ "ဟ သူတော် မင်းဟင်းတွေ ဘယ်ရောက်ကုန်သလဲ မရှိတော့ပါလား" ဟု ဘုန်းကြီးက မေးလိုက်သည်။ "ဒီခြင်ကောင် ယင်ကောင်တွေ စားလို့ ကုန်ပါပြီဘုရား" ဟု ဖိုးသူတော်က လျှောက်လိုက်သည်။ ဖိုးသူတော်က လှည့်ဖျားလျှောက်ထားသည်ကို ဘုန်းကြီးမသိရှာ။ ထို့ကြောင့် ခြင်နှင့်ယင်များကို အလွန်ဒေါသဖြစ်သဖြင့် မြင်လျှင်တွေ့လျှင် ဘယ်နေရာမဆို ရိုက်ရမည်ဟု ပြောလိုက်သည်။ ထို့နောက် မကြာမီပင် ဘုန်းကြီး၏နဖူးတွင် ခြင်တစ်ကောင် လာနားသည်ကိုသိ၍ "ဟ သူတော် နဖင်ခြူး" ဟု ဘုန်းကြီးက ပြောလိုက်သည်။ ဤတွင် ဦးသူတော်သည် ဘုန်းကြီး၏ နဖူးတွင် နားနေသော ခြင်ကောင်ကို အနီးရှိ ကြေးစည်ထုဖြင့် တအားထုလိုက်လေရာ ဘုန်းကြီးမှာ ဒဏ်ရာအနာတရ မရသော်လည်း အတော်ကြာ မူးမေ့သွားပြီးမှ သတိပြန်ရလေတော့သည်။
စာ၊၁၂၁။
ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ၊ ပထမတွဲ/ လူထုဦးလှ။ မန္တလေး။
ကြီးပွားရေး၊ပဉ္စမအကြိမ်၊၂၀၁၅။

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်