လူတွေဘာကြောင့် သေကြသလဲ

လူတွေဘာကြောင့် သေကြသလဲ (ကချင်ပုံပြင်)
ရှေးက နေကမ္ဘာမှာ နေကမ္ဘာသူကမ္ဘာသားတွေဟာ သေခြင်းတရားရှိတယ်၊ သေကြတယ်။ အခုလူတွေနေတဲ့ မြေကမ္ဘာမှာတော့ မြေကမ္ဘာသူကမ္ဘာသားတွေဆိုတာ မသေကြဘူး၊ သေခြင်းတရားမရှိဘူး။ မြေကမ္ဘာမှာ လူသတ္တဝါတွေ သေကြတာ ကတော့ လူတွေကိုက သေချင်ကြလို့ပဲတဲ့။
ဖြစ်ပုံက.......
ရှေးအခါက လင်းတတစ်ကောင်ဟာ အသိုက်ထဲမှာ ဥတွေထားခဲ့ပြီး အစာရှာထွက်သွားတယ်။ လင်းတမကြီး အစာရှာထွက်သွားတုန်း တောထဲကို မျောက်တစ်အုပ် သစ်ပင်ပေါ်က ခုန်ခုန်ပြီး ပြန်လာတဲ့အခါ အသိုက်ထဲက လင်းထဥကို မြင်တော့ ဖျက်ဆီးပစ်ခဲ့ကြတယ်။ နောက်လင်းတမကြီး ပြန်လာလို့ သူ့ဥတွေ ပျက်စီးကုန်တာတွေ့တော့ ဝမ်းနည်းပြီးငိုတယ်။ ပြီးတော့ "ငါ့ဥတွေ ဖျက်ဆီးတဲ့သူတွေ သေပါစေ" လို့လဲ ကျိန်ဆဲတယ်။ ဒီလို ကျိန်ဆဲပြီးတဲ့အခါ သူ့ဥတွေကို ဖျက်ဆီးသူကို အနီးအနားတစ်ဝိုက်မှာ ရှာကြည့်တယ်။
ဒီလိုရှာကြည့်တဲ့အခါ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ အ်ိပ်ပျော်နေတဲ့ (Tsahkai) စခိုင်း လို့ ကချင်လိုခေါ်တဲ့ ရှဉ့်ကလေးတစ်ကောင် အိပ်ပျော်နေတာကို တွေ့တယ်။ ဒီတင် လင်းတမကြီးက သူ့ဥတွေကို ဖျက်ဆီးတာ ဒီ စခိုင်းရှဉ့်ပဲလို့ ယူဆပြီး ရှဉ့်ကလေးကို ပေါက်သတ်လိုက်တယ်။
ဒီအချိန်မှာ မိန်းကလေးတစ်စု တောထဲကို ထင်းခွေလာရင်း သစ်ပင်ကြီးတစ်ပင်အောက်မှာ စခိုင်းရှဉ့်သေကလေးကို တွေ့တာနဲ့ ကောက်ပြီး အိမ်ကိုယူသွားကြတယ်။
အိမ်ရောက်တော့ ရှဉ့်သေကလေးကို အသုဘသဖွယ် ပြင်ဆင်ပြီး နေကမ္ဘာကိုသွားကာ လူ့ပြည်မြေကမ္ဘာက အသုဘပွဲတက်ကြပါလို့ နေကမ္ဘာသားတွေကို ဖိတ်ကြားတယ်။ ဒီလိုဖိတ်ကြားရတာကလဲ အသုဘပွဲကို နေကမ္ဘာသားတွေကသာ လုပ်တတ်လို့ ဖိတ်တာတဲ့။
ဒီလိုအသုဘပွဲအတွက် လာဖိတ်တော့ နေမင်းကြီးက မြေကမ္ဘာကလူသားတွေရဲ့ အသုဘပွဲသွားလို့ အဖွဲ့ကလေးတစ်ဖွဲ့လွှတ်လိုက်တယ်။ ဒီအဖွဲ့ကလေးဟာ မြေကမ္ဘာရောက်တော့ အသုဘပြင်ထားတဲ့နေရာမှာ ကပွဲတွေလုပ်တယ်။ ပွဲပြီးလို့ ပြန်ကြတော့ "ဒီအသုဘမှာ မသာအလောင်းလဲ မတွေ့ပါကလား" လို့ အချင်းချင်း ပြောမိကြတယ်။
ဒီလိုပြောမိတာနဲ့ မသင်္ကာဖြစ်လာကြလို့ အသုဘလုပ်တဲ့ နေရာကို ပြန်သွားပြီး မသာအလောင်းကို ရှာကြတယ်။ သူတို့က ဘီးပျောက်လို့ လိုက်ရှာကြတာပါလို့ ဆိုပေမယ့် မသာအလောင်းကို ရှာကြတာပဲ။ လူသေအလောင်းကို မတွေ့ဘဲ စခိုင်းရှဉ့်ကလေး အသေကောင်ကိုသာ တွေ့ကြတယ်လေ။
ဒီအဖွဲ့ဟာ နေကမ္ဘာကိုပြန်ရောက်တော့ နေမင်းကြီးကို သူတို့သွားခဲ့တဲ့ အသုဘပွဲအကြောင်းကို ပြောပြတယ်။ ဒီတင်မှာ နေမင်းက အင်မတန်စိတ်ဆိုးပြီး "ဒီလူသားတွေဟာ သိပ်ကို သေချင်နေကြပြီလား" လို့ကြုံးဝါးကာ "ကနေ့ကစပြီး မြေကမ္ဘာလူတိုင်း သေစေ" လို့ ကျိန်ဆဲလိုက်တယ်။
"အဲဒီအချိန်ကစပြီး လူတွေစာ သေမျိုးချည်းဘဲ ဆိုတာ ဖြစ်လာတာတဲ့" လို့ ရှေးချင်လူကြီးများက ဆိုခဲ့ကြပါတယ်။
လူထုဦးလှ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်