ပုံပြင်(၅)
ရှေးရှေးတုန်းကပေါ့....
မျက်လုံးတစ်ဖက်လပ် ၊ ခြေတစ်ချောင်း မရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့မှာ ဘုရင်ကြီးဟာ တိုင်းပြည်အတွင်းက ပန်းချီဆရာ၊ ပန်းချီပညာရှိတွေကို စုဝေး,ခစားစေပြီး သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံး အကောင်းဆုံးဖြစ်အောင် ရွေးဆွဲနိုင်သူကို ဆုလာဘ်များ ပေးတော်မူမယ် ဆိုပြီး မေးမြန်းသတဲ့။
ပန်းချီဆရာတွေလည်း ခေါင်းချင်းဆိုင်ပြီး
မျက်စိတစ်ဖက်လပ်၊ ခြေတစ်ချောင်းမရှိတဲ့ ဘုရင်ကြီးရဲ့ပုံတူကို အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတာ လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့ဗျာ...။
အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ ဘုရင်ကြီးရဲ့ ပုံတူပန်းချီကားကို အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့...။
အဲဒီလိုနဲ့ ပန်းချီဆရာ ဟာ ဘုရင်ကြီးရဲ့ ပုံတူပန်းချီကားကို ရေးဆွဲပါတော့တယ်။
ပန်းချီကားရေးဆွဲပြီးတဲ့အခါမှာတော့ မြင်ရသူအားလုံး တအံ့တသြ ငေးမောချီးကျူးကြပါသတဲ့။ တကယ်ကို ဘုရင်ကြီးရဲ့ပုံတူ အလှဆုံး အကောင်းဆုံး ပန်းချီကားအဖြစ် မြင်တွေ့ မှတ်ချက်ပြုထိုက်လို့ပါပဲဗျာ။
ပန်းချီကားထဲမှာ ဘုရင်ကြီးဟာ
မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး ဒူးတစ်ဖက်ထောင်ထိုင်ကာ သားကောင်ကို
လေးမြားတို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။
................... ................... ....................... ..................
ကျွန်တော်တို့ ဒီပုံပြင်ကို ဖတ်ပြီးတွေးကြည့်ရအောင်....!
ပန်းချီဆရာချင်းတူပါလျက် တခြားပန်းချီဆရာတွေကရော သူ့လိုဘာကြောင့်များ မတွေးမိပါလိမ့်...။
(အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာပါလိမ့်မည်။
အသိပညာချင်းတူလျှင် အလှကိုခံစားတတ်တဲ့ နှလုံးသားချင်း
ကွာပါလိမ့်မည်။)
တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က ကြည့်ရလွယ်ပြီး၊
အလှတရားကို မြင်အောင်ကြည့်တတ်ဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့ ကြိုးစားရဦးမှာပါ။
ဒါ့အပြင် နောက်ထပ် တွေးတောမိတာက...
ကျွန်တော်တို့တွေ...
ဘုရင်ကြီးလို
အရှိကိုအရှိတိုင်းထက် ဘာကြောင့်များ ဖုံးဖိသိုသိပ် လှချင်ရပါသလဲ.....။
(ဆရာမ မြသွေးနီ ရဲ့ပုံပြင်လို့ ထင်ပါတယ်။ ပြန်လည်မျှဝေပါသည်။)
Comments
Post a Comment