မယားကြောက်ရွာ အစည်းအဝေး
တစ်ခါက မယားကြောက်ရွာလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ် ။ အဲဒီ မယားကြောက် ရွာသားတွေဟာ တစ်နေ့မှာ အစည်းအဝေးတစ်ခု ခေါ်လိုက်ကြတယ် ။သူတို့ မိန်းမတွေကို ဘယ်လို နိုင်အောင် လုပ်မယ်ဆိုတဲ့ ကိစ္စဆွေးနွေးမယ်ပေါ့ ။နောက်ဆုံးမှာတော့ အပြန်အလှန် အထောက်အကူပြုမှု့နဲ့ တစ်ယောက်ကိုတစ်ယောက် အကူအညီပေးပြီး မယားတွေကို တွန်းလှန်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ် ။
အဲဒီလို မယားနိုင်အဖွဲ့ကြီးရဲ့ ဝါဒလမ်းစဉ် တွေ ဘာတွေချမှတ်ပြီးတော့မှ သူတို့ထဲက တစ်ယောက်ကို ဥက္ကဋ္ဌ ရွေးချယ်ဖို့ စိုင်းပြင်းကြတယ် ။ အဲဒီလို ဟိုလူ ဥက္ကဋ္ဌတင်ရနိုး ၊ဒီလူ ဥက္ကဋ္ဌတင်ရနိုးဆွေးနွေးနေကြတုန်းမှာ ကင်းသမားက အထိတ်တလန့် သတိပေးလိုက်တယ် ။
ကျုပ်တို့ မိန်းမတွေ လာနေပြီ ၊ကျုပ်တို့ မိန်းမတွေ လာနေပြီ ၊လူစုခွဲ ၊မြန်မြန်
မယားနိုင်အဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးကို တက်ရောက်နေတဲ့ မယားကြောက်လင်တွေအားလုံး ဖနောင့်နဲ့တစ်သားတည်းနေအောင် ပြေးလွှားပုန်းအောင်းကုန်ကြတယ် ။ဒါပေမယ့် သူတို့ လှန့်ချက်မှားသွားတာ ။သူတို့ မယားတွေဟာသူတို့ အစည်းအဝေးဆီကို လာတာမဟုတ်ဘဲ ဈေ းသွားကြတာဖြစ်တော့ တောတန်းဘေးကနေ အေးအေးဆေးဆေး ဖြတ်သန်းသွားကြတယ် ။
ဒါနဲ့ မယားကြောက်သားတွေကလည်း သူတို့ရဲ့ အရေးကြီးလှတဲ့ ဆွေးနွေးပွဲကြီးဆက်လက်ကျင်းပဖို့ ပြန်လာကြတော့ မထွက်ပြေးဘဲနဲ့ သူ့နေရာမှာသူ ထိုင်မြဲထိုင်နေတဲ့ ရွာသားတစ်ယောက်ကို လှမ်းမြင်လိုက်တယ် ။
ဟာ….တို့ ဘာမှ အချေအတင် ဆွေးနွေးနေစရာမလိုတော့ဘူးကွ ၊ဒီလောက်သတ္တိရှိတဲ့လူကို ဥက္ကဋ္ဌတင်လိုက်ရုံပဲ
မယားကြောက်ရွာသားတွေက အဲဒီလို အားရပါးရ ဆိုလိုက်ပြီးတော့ အဲဒီ သတ္တိရှင်ရွာသားကို ထောမနာပြုဖို့ အနားကို ခပ်သုတ်သုတ် လျှောက်လာကြတယ် ။ အဲဒီတော့မှ အဲဒီရွာသားမပြေးတဲ့ အကြောင်းအရင်းကို သိလိုက်ရတော့တယ် ။
သူက အကြောက်လွန်ပြီး အသက်ထွက်သားခဲ့တာကိုး ။ ။
#Credit
Comments
Post a Comment