ဝံပုလွေနှင့် ဆိတ်ငယ်

*******ဝံပုလွေနှင့် ဆိတ်ငယ်*********
တစ်ရံရောအခါ ဝံပုလွေတစ်ကောင်သည် လယ်ကွင်းတစ်ခုထဲ၌ ပြေးလွှားမြူးတူးလျက်ရှိသော ဆိတ်တစ်ကောင်ကိုမြင်ရာ ဖမ်းဆီးစားသောက်ရန် နောက်မှပြေး၍ လိုက်၏။
ဆိတ်ငယ်သည် ခွန်အားရှိသမျှ အစွမ်းကုန် ထွက်ပြေးပါသော်လည်း မရ။ ဝံပုလွေသည် သူ့ကို မီလာ၏ ။
ဤတွင် ဆိတ်ငယ်သည် ပြေးရာမှ ရပ်တန့်လိုက်ကာ ဝံပုလွေအား ``အဆွေဝံပုလွေ၊ ကျွန်ုပ်သည် ပြေးပါသော်လည်း သင့်လက်မှလွတ်မြောက်ရန် လမ်းမမြင်တော့ပါ။ ထို့ကြောင့် သင်စားသည်ကို ကြည်ဖြူစွာ ခံပါတော့မည်။ သို့သော် ကျွန်ုပ်သည် သေသောအခါ၌ ပျော်ရွှင်စွာ သေလိုသောဆန္ဒရှိသဖြင့် မသေမီ ကခုန်လိုပါသည်။ သို့ဖြစ်၍ ကျွန်ုပ်ကခုန်ရန် သင်က ပုလွေကိုမှူတ်ပေးပါ " ဟု ပရိယာယ်ဖြင့် ပြောဆိုလေသည်။
ဝံပုလွေလည်း ဆိတ်ငယ်ပြောဆိုသည့်အတိုင်း ပလွေကို မှူတ်၏။ ဆိတ်ငယ်လည်း ပျော်ရွှင်စွာဖြင့် ကခုန်၏။ ထိုအခိုက် ခပ်လှန်းလှန်းမှ လယ်စောင့်ခွေးတို့သည်
ပလွေသံကိုကြားသဖြင့် ပြေးလာလေရာ ဝံပုလွေသည် ဆိတ်ငယ်ကို မစားဖြစ်တော့ဘဲ ထွက်ပြေးရလေသည်။
ထိုအခါ ဝံပုလွေသည် တောထဲသို့ပြေးဝင်ရာမှ နောင်တရစွာဖြင့် ဤသို့ဆို၏ ။
`` ငါသည် ကိုယ်နှင့် မဆိုင်သောအလုပ်ကို လုပ်မိသဖြင့် ဤသို့ ဖြစ်ရပေသည်။ စင်စစ်သော်ကား ငါ၏အလုပ်မှာ သားကောင်ကို ကိုက်သတ် စားသောက်ရန်သာဖြစ်ပြီး
ပလွေမှူတ်ရန် မဟုတ်ပါတကား ။ ။
မင်းယုဝေနှင့် ငွေတာရီ ဘာသာပြန်ဆိုသော ကမ္ဘာကျော် အီစွတ်ပုံပြင်များစာအုပ်မှကူးယူဖော်ပြသည်
#Myo

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်