စစ်မှန်သော သစ္စာ

စစ်မှန်သော သစ္စာ….

အတိတ်ဇာတ်…
ရှေးရှေးအခါ ဝံသတိုင်း ကောသမ္ဗိပြည်၌ ကောသမ္ဗကမင်း မင်းပြု၏။ ရွာတစ်ရွာ၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူငယ်ချင်း ပုဏ္ဏားနှစ်ယောက်ရှိ၏။ “ဒီပါယန” နှင့် “မဏ္ဏဗျ” တို့ဖြစ်၏။
ထိုနှစ်ယောက်သည် ကာမဂုဏ်အပြစ်ကိုမြင်၍ ဥစ္စာများကိုစွန့်ပြီးဟိမ၀န္တာသို့၀င်၍ အနှစ်ငါးဆယ်လုံးလုံး သစ်သီးများဖြင့် စားသောက်နေထိုင်ကြ၏ သို့သော် စျာန်အဘိညာဏ်မရကြချေ။ ဒီပါယနရသေ့သည် ဘုရားလောင်းဖြစ်၏။
သုသာန်ဓူတင် ကျင့်သုံးစဉ်….
တစ်နေ့တွင် ရသေ့နှစ်ဦးသည် ကောသလတိ်ုင်း နိဂုံးရွာတစ်ရွာရှိ လူ့ဘ၀က “ဒီပါယန” ရသေ့၏မိတ်ဆွေ “မဏ္ဏဗျ” သူကြွယ်ထံသွားကြ၏။ သူကြွယ်က ကျောင်းဆောက်၍ ရသေ့နှစ်ဦးစလုံးကို လုပ်ကျွေး၏။
နှစ်နှစ်သုံးနှစ်နေကြပြီး သူကြွယ်ကိုပန်ကြား၍ ခရီးတစ်ခုထွက်ကြပြန်း၏။ ဗာရာဏသီပြည်မှ “အဝိမုတ္တကသုသာန်” ၌နေကြ၏ မကြာမီ “ဒီပါယနေရသေ့သည်” သူကြွယ်ထံသွာနေ၏။ မဏ္ဏဗျရသေ့သည် သုသာန်၌ နေခဲ့၏။

တစ်နေ့တွင် သူခိုးတို့သည်မြို့တွင်း၌ ခိုးကြပြီး လူလိုက်၍ သုသာန်ထဲသို့ ၀င်လာကာ ရသေ့ကျောင်းရှေ့တွင် ပစ္စည်းထုပ်ကိုပစ်၍ပြေး၏။ လိုက်ကြသူများက မဏ္ဍဗျရသေ့ကိုပင် သူခိုးဟု မင်းကြီးထံ ဖမ်းပို့ကြ၏။ မင်းကြီးက မစုံစမ်း၊ သုသာန်တွင် တံကျင်လျို၍ သတ်စေ၏။
အတိတ်ကံ….
မင်းချင်းတို့သည် သုသာန်၌ ရှားနှစ်တံကျင်ဖြင့် လျှိုကြ၏။ ရသေ့၏။ ကိုယ်တွင်းသို့မ၀င်၊ တမာသား တံကျင်၊ သံတံကျင့်၊ တို့ဖြင့် လျှိုပြန်၏။ ကိုယ်တွင်းသို့ မ၀င်။
ရသေ့သည် ဇာတိဿရဥာဏ်ဖြင့် ဆင်ခြင်သော် ရှေးက ပြုခဲ့သော မကောင်းမှုဝိပါကကံကို ခံရမည့်အကြောင်းမြင်၍ မင်းချင်းတို့အား ပင်လယ်ကသစ်သားဖြင့် တံကျင်လျှိုစေ၏။ မင်းချင်းတို့လည်း စအို၀မှတံကျင်လျှို၍ ကားစင်တင်ထားပြီး အစောင့်ထားကာ ပြန်သွားကြ၏။
သိလအရိပ်ကိုခိုလှုံ၍….

အစောင့်တို့သည် ပုန်းကွယ်၍စောင့်ကြ၏။ ဒီပါယနရသေ့သည် မဏ္ဍဗျရသေ့ထံ ဖူးမြင်ရန်လာခဲ့၏။ တံကျင်လျှိုခံရသည်ကိုမြင်လျှင် `အရှင် အပြုစ်ရှိ၍လော´ ဟုမေး၏။
`မရှိပါ´ဟု ပြော၏။
`သို့ဖြစ်လျှင် ဖမ်းသောသူများနှင့် အပြစ်ပေးသောမင်းကြီးတို့ကို စိတ်ပြစ်မှားသလား၊ အမျက်ထွက်သလော´ဟု မေး၏။
`မပြစ်မှားပါ၊ အမျက်မထွက်ပါ´ဟု ပြော၏။
`အရှင်ကဲ့သို့ သီလရှိသူ၏ အရိပ်ကို ခိုလှုံရခြင်းသည် ချမ်းသာ၏ဟု လျှိုထားသော တံကျင်တိုင်ကို မှီ၍သာနေ၏။

မဏ္ဍဗျရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် ဒီပါယနကိုယ်ပေါ်သို့ တစ်စက်တစ်စက်ကျ၏။ သွေးများ ခြောက်သောအခါ တစ်ကိုယ်လုံး မည်းနက်သော အကွက်တို့ဖြစ်နေ၏။ ဒီပါယနရသေ့အား (ကဏှာဒီပါယန)ဟု တွင်၏။
ရှေးကဝိပါက်…..
နံနက်လင်းလျှင် ပုန်းကွယ် နားထောင်သော အစောင့်တို့က ရသေ့နှစ်ပါး ပြောသော စကားကို မင်းကြီးအား လျှောက်ထားကြ၏။ မင်းကြီးကြားလျှင် ငါမစုံစမ်းဘဲ ပြုမိချေပြီဟု ရသေ့တို့ထံသွား၏။ အပြစ်မရှိကြောင်းသိ၍ တံကျင်ကို နုတ်စေ၏။ နုတ်၍မရချေ။
ထိုအခါ ရသေ့က…..
`မင်းကြီး ငါတံကျင်လျှိုခံရသည်မှာ ရှေးကဝိပါက်ကံကြောင့်သာဖြစ်၏။ ရှေးဘ၀ လက်သမားသားဖြစ်စဉ်က ယင်တစ်ကောင်ကို သေးငယ်သော ပင်လယ်ကသစ်သားဖြင့် စအိုမှ ထိုးခဲ့ဖူးသော ကံကြောင့်ဖြစ်၏။ ထိုကသစ်သားသည် ယင်ငယ်ကို ကိုယ်တွင်း၌ပင်ရှိနေ၏။ ထိုသစ်သားကြောင့် ယင်မှာ မသေ၊ အသက်အတိုင်းနေပြီးမှ သေရ၏။
သို့အတွက် ငါ့ကိုအသက်ရှင်စေလိုလျှင် တံကျင်ကို မနုတ်ပါနှင့်၊ အရေနှင့်အညီသာ ဖြတ်ပေးပါ´ဟုပြော၏. မင်းချင်းတို့လည်း ရသေ့၏ အလိုအတိုင်း လုပ်ပေး၏။ ထိုအခါမှစ၍ (အာဏိမဏ္ဍဗျရသေ့)ဟု တွင်၏။

မင်းကြီးသည် ရသေ့နှစ်ဦးကို ဥယျာဉ်တော်၌ နေစေပြီး လုပ်ကျွေး၏။ ကဏှဒီပါယနရသေ့သည် မကြာမီ ပြန်သွား၏။
မြွေဆိပ်ကျလို သစ္စာဆို….
မဏ္ဍဗျသူကြွယ်သည် ဘုရားလောင်း ဒီပါယန ရသေ့ပြန်လာသည်ကြား၍ ဆွမ်းအဖျော်ကို စီမံ၍ သားမယားတို့နှင့် ကျောင်းသို့လာ၏။ (မဏ္ဍဗျရသေ့)၏ အတင်းကို ပြောဆိုနေကြစဉ် သားငယ်သည် ကစားရင်း မြွေကိုက်ခံရသဖြင့် မြွေဆိပ်တက်ပြီး ထိုနေရာမှာပင် လဲကျသွား၏။
မိဘတို့သည် သားကိုပွေ့ချီ၍ ရသေ့ထံ ဆေးကုသပေးရန် တောင်းပန်ကြ၏။
ရသေ့က `ငါသည် ဆေးဝါးလည်းမသိ၊ မန္တန်လည်း မတတ်ပါ´ဟု ဆိုသော် `အရှင်ဘုရား သူငယ်အပေါ် မေတ္တာ ထား၍ သစ္စာပြုတော်မူပါ´ဟု တောင်းပန်ကြ၏။

ဘုရားလောင်း၏ သစ္စာစကား……
ဘုရားလောင်းရသေ့က….“ငါသည် ရသေ့ရဟန်းဖြစ်သည်မှ ခုနှစ်ရက်သာပျော်မွေ့ခဲ့ပါ၏။ နှစ်ပေါင်းငါးဆယ်လုံးလုံး ရသေ့ရဟန်းဘ၀တွင် မနေချင်ပဲ၊ မပျော်မွေ့ပဲ နေခဲ့၏။ ဤမှန်သောသစ္စာစကားကြောင့် ဤသူငယ်၏မြွေဆိပ်တို့ ကျဆင်း၍ အသက်ချမ်းသာပါစေသတည်း” ဟု သစ္စာပြုသည်နှင့် မြွေဆိပ်တို့သည် ဦးခေါင်းမှ ရင်ပတ်အထိ ကျဆင်း၍ သူငယ်သည် သတိရလာ၏။ မျက်တောင်များ ခတ်လာ၏။

ဖခင်၏သစ္စာစကား….
ထိုအခါ ဘုရားလောင်းရသေ့က “ငါ့အစွမ်း ဤမျှသာဖြစ်သည်။ ဖခင်ဖြစ်သူက သစ္စာဆိုပေဦး” ဟုတိုက်တွန်းသ၏။ ဖခင်ဖြစ်သူက..
“ငါ၏အိမ်တွင် အလှူမဏ္ဏပ်ကြီးဖြင့် နေ့စဉ် လှူဒါန်းနေပါ၏။ ငါသည် အလှူခံများအား သဒ္ဒါတရားမရှိဘဲ မလှူချင်ဘဲ လှူနေရပါ၏။ ဤမှန်သောသစ္စာစကားကြောင့် သားဖြစ်သူ မြွေဆိပ်ကျပါစေသတည်း” ဟုဆို၏။ မြွေဆိတ်တို့ ကျ၍ခါးအထိလှုပ်ရှားလာနိုင်၏။

မိခင်၏သစ္စာစကား…
သူကြွယ်က ဇနီးဖြစ်သူအားသစ္စာဆိုပါဦးဟု တိုက်တွန်း၏။ မိခင်က “ ငါသည် ငါ၏လင်သားအပေါ်၌ သားကိုကိုက်သည့် မြွေဟောက်နှင့်အတူ ငါမချစ်၊ မနှစ်သက်ပါ၊ ငါသည်ဤမှန်သော သစ္စာစကားကြောင့် ငါ၏သားမှ မြွေဆိပ်တို့ ကျပါစေသတည်း” ဟုသစ္စာပြု၏။
မြွေဆိပ် အားလုံးကျ၍ သားငယ်သည် ပကတိ ကောင်းသွား၏။
ကဲ့ရဲ့ကြမှာရှက်လို့ ကြောက်လို့ပါ….

ထိုနောက် သူကြွယ်က ဘုရားလောင်းဒီပါယနရသေ့အား “ အရှင်ရသေ့၊ ရသေ့ ရဟန်းဘဝြငီးငွေ့ပါလျက် ဘာကြောင်းနှစ်ပေါင်း ငါးဆယ်ကျော်မျှ ဆက်နေသနည်း” ဟု လျှောက်ထားနေလျှင် ရသေ့က “သူကြွယ်ဒါယကာ၊ ငါရသေ့ရဟန်းဘ၀ကို ငြီးငွေ့့၍ လူထွက်ပြီး ပြန်လာလျှင် လူအပေါင်းတို့က ဒီပါယနသည် ကလေးကဲ့သို့ စိတ်မတည်ကြည်ဟု ကဲ့ရဲ့ကြခြင်းကို မခံလို၍ အောင့်အီး သည်းခံနေခဲ့ခြင်းဖြစ်သည်” ဟု ရှင်းပြ၏။
ရသေ့က သူကြွယ်အားမေးမြန်း၏။
သင်သည် စေတနာမပါဘဲ၊ မလှူချင်ဘဲ လှူနေရသည်မှာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဤသို့လှူလားခဲ့၍ လှူခြင်းသာ ဖြစ်သည်။ ကျွန်ုပ်မလှူဒါန်း မပေးကမ်းဘဲနေပါက လူအပေါင်းတို့က ဆွေခုနစ်ဆက်မှာ အညံ့ဆုံး အဖျင်းဆုံးဟု ကဲ့ရဲ့မှာ ကြောက်၍သာ လှူနေရပါသည်´ဟု ရှင်းပြ၏။ ထိုနောက် သူကြွယ်က မိမ်ိမယားအား ငယ်ရွယ်စဉ်ကပင် သင့်ကို လက်ထပ်ခဲ့သည်။ ငါ့ကိုမချစ်ကြောင်း တစ်စုံတစ်ရာ မရိပ်မိပါ။ အရိပ်အယောင်မျှပင် မပြုခဲ့၊ မချစ်ဘဲနှင့် ဘာကြောင့် ငါ့ကိုပေါင်းနေသနည်း´ဟု မေး၏။

`အရှင်၊ အကျွန်ုပ်တို့ အမျိုးမှာ ဆွေခုနစ်ဆက်ကစ၍ မိမိ ယောင်္ကျားကိုပစ်ခဲ့ပြီး အခြားယောင်္ကျားကို မယူခဲ့ဖူးကြပါ။ ဆွေခုနစ်ဆက်ထိန်းသိမ်းခဲ့သော ဂုဏ်သိက္ခာကို ဖျက်သောမိန်းမဟု ကဲ့ရဲ့မခံလို၍ သင်၏ အပြုအမူတို့ကို မချစ် မနှစ်သက်ဘဲ အောင့်အီးသည်းခံ၍ ပေါင်းသင်းရခြင်းဖြစ်ပါသည်။´ဟု ရှင်းပြ၏။ ထို့နောက် သူကြွယ်ဇနီးက `ငါသည် မပြောသင့်သော စကားကိုပြောမိ၍ ငါ့မုန်းတော့မည်ဟု ရသေ့ကြီး ရှေ့မှာပင် ချစ်လင်သူကြွယ်အား….
`အရှင် အကျွန်ုပ်သည် သားကိုချစ်ခြင်းကြောင့် မပြောသင့်သောစကားကို ပြောမိပါသည်။ ခွင့်လွတ်တော်မူပါ´ဟု ကန်တော့ တောင်းပန်းလေ၏။

သူကြွယ်က….`ငါခွင့်လွတ်၏။ ယနေ့မှစ၍ ဤစိတ်မျိုး မထားပါနှင့်တော့၊ ငါသည်လည်း သင့်အပေါ် ဆက်ဆံမှုကို ပြုပြင်ပါမည်´ဟု ဆုံးမ ကတိပေး၏။ ဘုရားလောင်း ဒီပါကနရသေ့က….
`သူကြွယ် ယနေ့မှစ၍ ကံ- ကံ၏အကျိုးကို ယုံယုံကြည်ကြည်နှင့် အလှူကို လှူလော့´ဟု ဆုံးမ၏။
မဏ္ဍဗျသူကြွယ်က….`အရှင်ရသေ့ ရဟန်းအဖြစ်၌ ပျော်မွေ့စွာ ကျင့်ဆောင်ပါလော့´ဟု သတိပေး၏။
ဤသစ္စာ၏ တန်ခိုးကြောင့် သူငယ်ရောဂါ ကင်းသွားသည်ကိုအကြောင်းပြု၍ မှန်သော သစ္စာစကား၏ တန်ခိုးတို့အား အလွန်ကြီးမားပါပေ၏ဟု ကိုယ်တွေ့ သိရှိကြပြီးနောက် မယားသည်လည်း လင်အပေါ်၌ ချစ်ခင် လေးမြတ်လေ၏။ သူကြွယ်သည် ကံ၏ အကျိုးကိုယုံကြည်စွာ လှူဒါန်း၏။ ဘုရားလောင်းသည် ပျော်မွေ့စွာ စျာန်အဘိဥာဏ်ကို ဖြစ်စေလျက် တရားကို အားထုတ်၏။ ဤသို့ အသီးအသီး စိတ်ကိုပြုပြင်ပြောင်းလဲသွားကြ၏။

ဇာတ်ပေါင်းသော်…..
မဏ္ဍှဗျသူကြွယ်သည် - အာနန္ဒာ
သူကြွယ်သားသည် - ရာဟုလာ
အာဏိမဏ္ဍဗျရသေ့သည် - သာရိပုတ္တရာ
ကဏှဒီပါယနရသေ့သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။

*** ဦးလှခင်- ဆန်းညွန့်ဦး ***

#Credit_JACBA

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်