ပုံပြင်(၇)



ဟိုး အရင်တုန်းက ဘုရင်ကြီး တစ်ပါးရှိပါတယ်..။

ဘုရင်ဆိုတော့့လည်း တိုင်းရေးပြည်ရေး- အထွေထွေနဲ့ ဦးနှောက်စားစရာ အမှုတွေကလည်း အများသားရယ် မဟုတ်လား..။ ဟို တိုင်းပြည်က စစ်လာတိုက်- ဒီတိုင်းပြည်က နယ်လာချဲ့နဲ့ အဲ့ဒီ ဘုရင်ကြီးဟာ စစ်မှုရေးရာမှာလည်း ကိုယ်တိုင် ကွပ်ကဲလေသတဲ့..။ ဒီလိုနဲ့ တစ်ရက်တော့ ဘုရင်ကြီး နံဘေးအနီးကပ်မှာ ခစားနေတဲ့ မူးမတ်ကြီး တစ်ဦးက ဘုရင်ကြီးကို အကြံပေးတယ်..။

“အရှင်ဘုရား အတွက် အသက် အန္တရာယ်တွေကလည်းများ အန္တရယ်ကင်း အဆာင်လက်ဖွဲ့ တစ်ခုခုတော့ အရှင်နဲ့အတူ ဆောင်ထားနိုင်ဖို့ အစီအမံတစ်ခုခု လုပ်ထားလျင် သင့်တော်ကြောင်းပါ ဘုရား..” ပေါ့..။

ဒီလိုနဲ့ ဘုရင်ကြီးဟာ တိုင်းပြည် အရှေ့စွန်းစွန်းမှာ သတင်းသုံးနေထိုင်တဲ့ ဆရာတော် တစ်ပါးဆီ ရောက်သွားတယ်..။ ဆရာတော့်ကို အန္တရာယ် ကျရောက်ချိန်မှာ သုံးနိုင်ဖို့ တစ်စုံတစ်ခု စီစဉ်ပေးဖို့ ဘုရင်ကြီးက လျှောက်ပါတယ်..။ ဆရာတော်ကလည်း

“ကောင်းပြီ- ကျုပ် စီစဉ်ပေးပါ့မယ်..။ တစ်ခုတော့ရှိတယ်..။ ကျုပ်ပေးမယ့် အရာဟာ အရှင်မင်းကြီး ဘဝမှာ အကြီးမားဆုံးသော အခက်အခဲနဲ့ ကြုံချိန်မှာ တစ်ကြိမ်တစ်ခါသာ သုံးခွင့်ရှိမယ်..” လို့ မိန့်ပါတယ်..။

ဘုရင်ကြီးကလည်း ကောင်းပါပြီ ဆရာတော်ပေါ့..။

ချိန်းဆိုထားတဲ့ နေ့မှာ ဘုရင်ကြီးက ဆရာတော့်ဆီ ပြန်သွားပါတယ်..။ ဆရာတော်က ဘုရင့်ကို စာရွက် အလိပ်ကလေး တစ်ခု ပေးလိုက်ပြီး- ဒီစာရွက်ကို အရှင်အသုံးလိုချိန် အရေးအကြီးဆုံး အချိန်မှသာ ကျုပ်မှာထားတဲ့ အတိုင်း တစ်ကြိမ်သာ ဖွင့်ကြည့်ပါလို့ သေချာ ထပ်မှာလိုက်ပါတယ်..။ ဘုရင်ကြီးကလည်း လက်ထဲမှာ တရိုတသေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ သယ်ဆာင်ပြန်လာပါတယ်..။

ဒီလိုနဲ့ ဆရာတော်ပေးလိုက်တဲ့ စာရွက်လိပ်လေးကို အမြဲမခွာဆောင်ထားရင်း ဘုရင်ကြီးဟာ သက်တော်ကြီးပြီး အိုမင်း လာခဲ့လေပြီ..။ သို့သော်ငြား အခုချိန်ထိ သူဟာ အဲ့ဒီ စာရွက်လေးကို အသုံးမပြုရသေးပါဘူး..။ ဘုရင်ကြီး ငယ်နုစဉ် အချိန်နဲ့ လူလတ်ပိုင်း အရွယ်တို့မှာလည်း အသက်အန္တရယ် အခက်ခဲပေါင်းများစွာနဲ့ သေဘေးပေါင်းများစွာလည်း ကြုံတွေ့လွတ်မြောက်လာခဲ့ရ ပြီးပါပြီ..။

အဲ့ဒီလို အချိန်မျိုးတွေတိုင်းမှာ ဘုရင်ကြီး- သူ ဟာ ဆရာတော်ပေးလိုက်တဲ့ အရာကို ထုတ်သုံးဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သူ ဖြစ်ပါတယ်..။ တစ်ကြိမ်သာ သုံးခွင့်ရှိမှာ ဖြစ်တဲ့ အတွက်- အရေးကြီးဆုံးအချိန် ရောက်လာချိန်ကို စောင့်ရင်း မသုံးပဲ ပြန်သိမ်းခဲ့တာတွေသာ ရှိခဲ့ပါတယ်..။ ခုတော့ ဘုရင်ကြီးဟာ နာမကျန်းစွာနဲ့ အိပ်ရာထဲ လဲနေရပြီပေါ့..။ ဘုရင့်ဘေးမှာ ရှိနေတဲ့ မူးမတ်ကြီးတွေက ဘုရင်ကြီး အသုံးမပြူသေးတဲ့ ဆရာတော့်အဆောင်ကို အင်မတန်မှ သိလိုကြသလို နောက်ဆုံး သက်တော်မကုန်ခင် အချိန်မှာ အသုံးပြုသွားဖို့လည်း တိုက်တွန်းကြတယ် ဆိုပါတော့..။

မူးမတ်တွေရဲ့ ပြောဆိုသံတွေ အဆုံးမှာ ဖျော့တော့စွာနဲ့ လဲလှောင်းနေတဲ့ ဘုရင်ကြီး ပြုံးပါတယ်..။ ဆရာတော်ပေးလိုက်တဲ့ စာရွက်လေးကိုလည်း သူ ဖြည်ကြည့်စရာ မလိုပဲ သိနေခဲ့ပါပြီ..။ ဆရာတော် မပြောလိုက်တဲ့ စကားတစ်ခွန်းကိုလည်း ဘုရင်ကြီးဟာ ခုချိန်မှာ သေချာကြားနိုင် နားလည်နိုင်နေပါပြီ..။

ဘုရင်ကြီးဟာ နောက်ဆုံးသော ခွန်အားလေးနဲ့ သလွန်တော်ထက်ကနေ မူးမတ်ကြီးတွေဆီကို ငဲ့စောင်းကြည့်ရင်း တီးတိုးမိန့်တော်မူပါတယ်..။

““အရေးကြီးဆုံးရယ်လို့ တွေးထင်ခဲ့တဲ့ အရာတိုင်းဟာ အချိန်တန်ရင် လွန်မြောက်သွားကြမှာ.. အရေးကြီးဆုံးကို စောင့်ကြည့်ရင်း~~~ တစ်ကယ်တော့ ဘဝမှာ အရေးကြီးဆုံး ဆိုတာ ဘာမှ မရှိဘူး-- ရှိမနေပါဘူး..””

လို့ ပြောရင်း နောက်ဆုံး အကြိမ်အဖြစ် ပြုံးကာ သက်တော်ကုန် နတ်ရွာစံ သွားပါတော့တယ်..။

ဘုရင်ကြီး နတ်ရွာစံပြီးနောက်မှာ မူးမတ်ကြီးတွေက ဆရာတော့် စာရွက်လေးကို ဖွင့်ကြည့်ခဲ့ကြပါတယ်..။ ဘာအင်းမှ ချမထား- ဘာစာမှ ရေးမထားတဲ့ သာမန် ဗလာစာရွက်ခေါက်လေး တစ်ရွက်ကိုသာ မူးမတ်ကြီးတွေ တအံ့တသြ မြင်တွေ့လိုက်ရပါတော့တယ်..။

“အရာတိုင်းဟာ အချိန်တန်လျင် ပြီးဆုံးသွားမြဲပါ..”

"This too shall pass."

..................... ....................................

(Blogs တစ်ခုမှ ကူးယူဝေမျှပါသည်။)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်