ကိန္နရာဂူ…

ကိန္နရာဂူ…

***(ဟာသပုံပြင်များ)***
ရှေးသရောအခါက ဟိမ၀န္တာတောကြီးအတွင်း၌ ရသေ့တစ်ပါး နေထိုင်လျက်ရှိပေသည်။ ထို `၀စ္ဆ´ရသေ့ကြီးနေ ထိုင်သော နေရာအနီးတွင် ဂူကြီးတစ်ခုရှိသည်။ ထိုဂူအတွင်း၌ ကိန္နရာများ နေထိုင်ကြသည်။
ကိန္နရာဆိုသည်မှာ အတောင်ပါသော လူတစ်မျိုးဖြစ်ပြီး လေထဲ၌ပျံသန်းနိုင်သည်။ သူတို့သုံးစွဲသော ဘာသာစကားမှာ လူစကားပင် ဖြစ်သည်။ သို့ရာတွင် သူတို့သည် ရုပ်အဆင်းလှပကြသည်။ ကိန္နရာအမကိုမူ ကိန္နရီဟု ခေါ်ကြသည်။

တစ်နေ့သ၌ ကိန္နရာများ စုဝေးနေထိုင်သော ကျောက်ဂူ၀၌ မင့်ကူအိမ်ကြီးတစ်ခု လာရောက်ပိတ်ဆို့နေ၏။ ကိန္နရာတစ်ကောင်သည် အစာရှာရန်အတွက် အမှုမဲ့အမှတ်မဲ့ တစ်ကောင်ချင်း ပျံသန်းထွက်ခွာသွားရာ `အမယ်လေး´အော်သံကြားရ၏။
ကိန္နရာများ ဂူ၀သို့ စုပြုံပြေးလာကြ၏။ ပင်ကူအိမ်၌ ကိန္နရာတစ်ကောင် ကားကားကြီး မိနေ၏။

ပင့်ကူမျှင်များသည် စေးကပ်၏။ ထိုအစေးများနှင့် ကပ်ငြိနေသော ကိန္နရာမှာ မည်သို့မျှ မလုပ်တတ်ပေ။ `လာကြပါဦး၊ ကယ်ကြပါဦး´ဟု တစာစာ အော်နေသည်။ အဖော်ကိန္နရာများသည် မည်သို့လုပ်ရမည်ကို တိုင်ပင်နေကြစဉ် ပင့်ကူတစ်ကောင် ရောက်လာ၏။
နီရဲသောပါးစပ်နှင့် မျက်လုံးများရှိသည်။ တစ်ကိုယ်လုံး၏ အရွယ်ပမာဏမှာ လှည်းဘီးခန့်ရှိသည်။
ကိန္နရာများသည် ဂူတွင်း၌တွေ့ရသော သစ်ကိုင်းတစ်ခက်များဖြင့် ပင့်ကူမျှင်များကို ထိုးကြသည်။ သို့ရာတွင် ပင့်ကူတစ်မျှင်သည် လူ၏ လက်သန်းခန့် တုတ်သောကြောင့် ပင့်ကူမျှင်မပြတ်ပေ။
ပင့်ကူမျှင်အတိုင်း ပင့်ကူကြီးတရွေ့ရွေ့ ရောက်လာသောအခါ ဝိုင်း၀န်းပြီး ကျောက်ခဲများ မြေကြီးခဲများဖြင့် ပစ်ခတ်ကြသည်။ ပင့်ကူကြီးသည် နောက်သို့ ဆုတ်မသွားပါ။ ပင့်ကူမျှင်၌ မိနေသော ကိန္နရာ၏ ဦးနှောက်ကို ဖောက်စားသည်။
သွေးကိုသောက်သည်။ ထို့နောက် အသက်ကင်းမဲ့နေသော ကိန္နရာကို ပင့်ကူအိမ်ထဲမှ ဖြုတ်ချလိုက်လေ၏။
ကိန္နရာများသည် အဖော်၏အလောင်းကို သင်္ဂြ ိုလ်ပြီးနောက် တိုင်ပင်ကြ၏။

`ငါတို့ ဘာလုပ်မလဲ´
`စုပေါင်းညီညွတ်တဲ့ အားနဲ့ ဆောင့်တိုးပြီး ထွက်ကြမယ်´
ထိုသို့ ရဲဝံ့စွန့်စားစွာ မဆောက်ရွက်လျှင် ဂူတွင်း၌ အစာငတ်ရေငတ်ဖြစ်ကာ အားလုံးသေကုန်ကြလိမ့်မည်။ ထို့ကြောင့် ညီညီရဲဝံ့စွာ ဖောက်ထွက်သောအခါ ပင့်ကူအိမ်ကြီး ပျက်စီးသွားလေ၏။
သို့ရာတွင် ပင့်ကူသည် အားမလျှော့ပါ။ နောက်တစ်နေ့ နံနက်တွင်လည်း ဂူ၏ ထွက်ပေါက်၌ အိမ်ဖွဲ့ကာ ပိတ်ဆို့ထားပြန်သည်။ အမှတ်မဲ့ ပျံထွက်မိသော ကိန္နရာတစ်ကောင်မှာလည်း ယမန်နေ့ကနည်းတူပင် ဦးနှောက်ဖောက်အစားခံရ၊ သွေးစုပ်ယူခံရသဖြင့်
အသက်ဆုံးရှုံးရပြန်လေ၏။
`သတိနည်းတဲ့ ကိန္နရာတွေ တစ်နေ့ တစ်ကောင် အသေခံမလား၊ နေရာသစ် ရှာကြမလား´
ထိုအခါတွင် ကိန္နရာမျးသည် ယခုကဲ့သို့ ကျယ်၀န်းသော အခြားဂးကို စဉ်းစားကြ၏။ ယခုနှယ် လေမိုးလည်း လုံခြုံ ကျယ်လည်း ကျယ်၀န်းသော အခြားဂူကို စဉ်းစား၍မရကြချေ။
`တခြားကိုပြောင်းသွားရင် ငါတို့တစ်တွေ အဖော်ကွဲကုန်လိမ့်မယ်´
`ဒါဖြင့် ဘယ်လိုလုပ်ကြမှာလဲ´
ကိန္နရာများ စုပေါင်းစဉ်းစားကြ၏။ တစ်ခဏအကြာတွင် အကြံပေါ်လာသည်။
`ဟေ့ တို့ဂူနဲ့ မနီးမဝေးမှာ ရသေ့တစ်ပါးရှိတယ်လေ။ ရသေ့ဆိုတာ လူပဲကွ၊ လူဆိုတာ တို့ထက်ဥာဏ်ရှိတယ်။ ဒါကြောင့် သူ့ဆီသွားပြီး အကူအညီတောင်းကြစို့´
ကိန္နရာများ ၀မ်းမြောက်၀မ်းသာဖြင့် ၀စ္ဆရသေ့ထံ စုဝေးရောက်ရှိသွားကြ၏။ ရသေ့လည်း သစ်သီးအရှာထွက်ရန် ပြင်ဆင်နေခိုက်ဖြစ်၏။
`ကိန္နရာတွေပါကလား။ ထူးခြာလှချည်ကလား။ ဘာဖြစ်လာကြတာတုံး´

`အရှင်ရသေ့ကြီး၊ ကျနော်တို့နေတဲ့ ဂူပေါက်၀မှာ ပင့်ကူတစ်ကောင် လာပြီးပိတ်ဆို့နေလို့ သူ့ရဲ့အမျှင်တွေနဲ့ ငြိပြီး ကိန္နရာတွေ မကြာခဏ သေပါတယ်။ အဲဒါကြောင့် အဲဒီပင့်ကူကို သတ်ပေးစမ်းပါ´
လည်လည်၀ယ်၀ယ် ပြောတတ်သော ကိန္နရာတစ်ကောင်က တောင်းပန်ရာ ရသေ့က ချက်ချင်း ခေါင်းရမ်း၏။
`ငါတို့ရသေ့ဆိုတာ သူတစ်ပါးအသက်ကို မသတ်ရဘူး။ ဒါကြောင့် မင်းတို့ကို ငါမကူညီနိုင်ဘူး´
ရသေ့သည် ထိုသို့ပြောအပြီးတွင် တံချူနှင့် ခြင်းတောင်းတူရွင်းနှင့် ခက်ရင်းကိုယူကာ ထွက်ခွာသွားကြလေ၏။ ရသေ့ထံသို့ အားကိုးတကြီးလာခဲ့သော ကိန္နရာများမှာ ၀မ်းနည်းပတ်လက်ဖြစ်လျက် ကျန်ခဲ့ကြလေ၏။
ထိုအခါ ကိန္နရာအိုကြီးတစ်ကောင်က နှစ်သိမ့်စကားဆို၏။
`၀မ်းမနည်းကြပါနဲ့ ဒီပင့်ကူကို ဒီရသေ့ မုချသတ်တဲ့နည်း ငါ့မှာရှိတယ်ကွ´
ထိုအခါ ကိန္နရာများက `နည်းလမ်းကောင်းရှိရင် ညွှန်ပြပါ အဘိုးရယ်´ဟု ဝိုင်း၀န်းတောင်းပန်ကြလေ၏။
`ငါတို့မြေး၊ ငါတို့မြစ် ကိန္နရာတွေထဲက အချောဆုံး အလှဆုံးတစ်ယောက် ရွေးထုတ်ကြစမ်းဟေ့´
`အဘိုးနှယ် အထူးရွေးစရာမလိုပါဘူး။ ခေမရဌဟာ အချောဆုံး အလှဆုံးလို့ သူတို့အချင်းချင်းက အသိအမှတ်ပြုထားတာပါ´
`ဒါဆိုရင် ငါတို့ အခုအစာရှင်ထွက်ကြမယ်။ ညနေစောင်းရင် ဂူထဲပြန်မ၀င်သေးဘဲ ဒီနေရာမှာ ပြန်ဆုံကြမယ်´
ဤသို့ဖြင့် ညနေစောင်းတွင် ကိန္နရာများ ပြန်လည်ဆုံကြသောအခါ ကိန္နရာအဘိုးအိုက ကိန္နရာကလေး ခေမရဌအား အများအကျိုး သယ်ပိုးရန်နားချ၏။ ထို့နောက် လိုက်နာဆောင်ရွက်ရန်များ သွန်သင်သည်။
`စိတ်ချပါ အဘိုး၊ သမီးဆောင်ရွက်ပါမယ်´
ကာယကံရှင် ခေမာရဌက လိုလားစွာ တုံ့ပြန်သဖြင့် ကိန္နရာများသည် ၀စ္ဆရသေ့ထံသို့ တစ်စုတဝေးတည်း ရောက်သွားကြ၏။ ရသေ့လည်း တောထဲမှ ပြန်လည်ရောက်ရှိလာခါစသာ ရှိသေး၏။
`လာကြပြန်ပြီလား၊ ဘာကိစ္စလဲဟေ့´
ရသေ့သည် မောပန်းနွမ်းနယ်နေသောကြောင့် စိတ်မရှည်သံဖြင့် မေး၏။
`ဒီလိုပါ ရသေ့ကြီးရယ်။ မနက်တုန်းက ရသေ့ကြီးဆီကို ကျနော်တို့ ရောက်လာတုန်းက သတိထားမိတာတစ်ခုရှိတယ်။ အဲဒါကတော့ ရသေ့ကြီးတစ်ပါးတည်း ဖြစ်နေပြီး ပြုစုလုပ်ကျွေးမယ့် အဖော်လိုပါတယ်။

ဒါကြောင့် ကိန္နရီမလေး ခေမရဌကို အလုပ်အကျွေးအဖြစ် ဆက်သပါတယ်´
၀စ္ဆရသေ့ ငြင်းဆန်ရန် စိတ်ကူးသေးသည်။ သို့ရာတွင် ကိန္နရီမလေးကို မြင်ရသောအခါ မငြင်းနိုင်တော့ပေ။ ထိုအချိန်မှာပင် ကိန္နရီမကလေးသည် ရသေ့ကြီးအား ယပ်ခတ်ပေးသည်။ ခြေသလုံး၊ လက်၊ ပခုံးတို့ကို နှိပ်နယ်ပေးသည်။
ထိုမှတစ်ပါး ကိန္နရီမကလေးသည် ရသေ့ကြီးရှာဖွေလာသော သစ်သီးများကို သစ်သီးအလျောက် သစ်ဥကိုသစ်ဥအလျှောက် နေရာတကျ သိမ်းဆည်းသည်။ ရသေ့ကြီးလိုအပ်သောအခါ အသင့်ဖြစ်အောင် ဆောင်ရွက်ပေးသည်။
ရေအေးသာမက ရေပူကိုလည်း အချိန်အခါနှင့် လိုက်လျောအောင် စီမံပေးသည်။
ထိုသို့ ရသေ့ကြီး၏ အလိုကျအောင် ဆောင်ရွက်ပေးသည့်အတွက် ၀စ္ဆရသေ့မှာ ခေမရဌ ကိန္နရီမကလေးအား မျက်စိအောက်မှ အပျောက်မခံနိုင်တော့ပါ။ သစ်သီးသစ်ဥ သစ်မြစ်သစ်ဖုအစာရှာထွက်ရာသို့ပါ ခေါ်သွားတော့သည်။
သို့ဖြစ်သောကြောင့် သုံးလေရက်အတွင်း၌ ရသေ့ကြီး စိတ်ပြောင်းသွားသည်။ သစ်သီးအရှာထွက်ရာတွင် ကိုင်စွဲမြဲဖြစ်သော သုံးခွမှိန်းဖြင့် ဂူ၀ရှိ ပင့်ကူကြီးကို ရှင်းလင်းဖယ်ရှားပစ်လိုက်ရာ ကိန္နရာ ကိန္နရီများမှာ ၀မ်းမြောက်ပျော်ရွှင်နေကြလေ၏။

***မင်္ဂလာစျင်အောင်***

Credit- JCGV

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်