အီကြာကွေးပုံပြင်

အီကြာကွေးပုံပြင်
(ဟန်ကျောင်းမြို့) ရှေးဟောင်းအဆောက်အဦးတွေရှိရာ တစ်နေရာမှာ ထူဆန်းသည့် ရုပ်တုစုံတွဲတစ်စုံကို တွေ့ရသည် ။ လင်နှင့်မယားလို့ ယူဆရသည့် ပကတိလူပုံအရွယ် အမျိုးသားရုပ်နှင့် အမျိုးသမီးရုပ်တုပုံဖြစ်သည်။ ရုပ်တုနှစ်ခုသည် လက်ပြန်ကြိုးတုပ်ခံထားရပြီး ဒူးထောက်ထိုင်နေသည့်ပုံဖြစ်သည် ။ ရုပ်တုနှစ်ခုကို ခိုင်ခန့်သည့်လှောင်အိမ်ထဲမှာ ထည့်ထားသည်။ အဲ့ဒါဘာလဲလို့ စကားပြန်ကို မေးကြည့်သည်။
`` ဒီလူနှစ်ယောက်က ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ ´´
``ပြည်သူတွေကို အလွန်နှိပ်စက်တဲ့ ဘုရင်နဲ့မိဖုရားလေ၊ ပြည်သူတွေက မခံမရပ်နိုင်တော့လို့ ဝိုင်းဖမ်းပြီး ထောင်ချထားတာ ´´
တရုပ်ရာဇဝင်မှာ ဒီလိုအဖြစ်မျိုးရှိခဲ့ဖူးတာ အမှန်ဖြစ်သည်။ ရန်ကုန်က အလှူပွဲတစ်ခုမှာ တရုတ်ရေးရာကျွမ်းကျင်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက ဆရာအီကြာကွေးကို မေးခွန်းတစ်ခုမေးသည်။
`` ကွေးကြီး၊ မောင်ရင့်နာမည် အီကြာကွေးဆိုတာ ဘာအဓိပ္ပါယ်လဲသိလား´´
`` မသိဘူး ´´
`` မသိရင်မှက်ထား၊ အဲ့ဒါ တရုတ်စကား၊ အီ-ဆိုတာ-ဆီ၊ ကြာ-ဆိုတာ-ကြော်တာ၊ ကွေး-ဆိုတာ-သရဲ၊ ဆီကြော်သရဲမုန့်လို့ခေါ်တယ် ´´
ဦးထွန်းဝေက အီကြာကွေးမုန့် ဖြစ်ပေါ်လာပုံတရုတ်သမိုင်းကို ပြောပြသည်။
တရုတ်ဘုရင်တစ်ပါးသည် ပြည်သူတွေအပေါ် အလွန်နှိပ်စက်သည်။ အခွန်အတုပ် အလွန်အကျွန် ကောက်ခံသည်။ အလုပ်ကြမ်း
ခိုင်းစေသည်။ ဆန့်ကျင်သူကို ဖမ်းဆီးသတ်ဖြတ်သည်။ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်လာပြီး ဆူပူအုံကြွကြသည်။ ဘုရင်နှင့်မိဖုရားကို လူအုပ်ကြီးဖြင့် ဝိုင်းဖမ်းကြသည်။ မိသောအခါ ဘုရင်နှင့်မိဖုရားကို ကြိုးဖြင့်ပူးချဉ်ပြီး ပွတ်ပွတ်ဆူနေသည့် ဆီပူအိုးကြီးထဲကိုပစ်ချလိုက်ကြသည်။ သရဲနှစ်ကောင်ကို ဆီနဲ့ကြော်လိုက်ပြီဟေ့လို့ ဟစ်အော်ကြွေးကြော်ကြသည်။
`` အီကြာကွေးဆိုတာ ဆီကြော်သရဲမုန့်လို့ အဓိပ္ပါယ် ရသည်၊ နှစ်ချောင်းပူးလုပ်မှ အီကြာကွေးဖြစ်သည်၊ ဘုရင်နှင့်မိဖုရားကို ပူးချဉ်ပြီး ဆီနဲ့ကြော်တဲ့ပုံ မုန့်လုပ်စားတာ´´
ဟန်ကျောင်းမြို့က ထောင်ချထားသည့် အရုပ်နှစ်ရုပ်ကိုမြင်တော့ ဦးထွန်းဝေက ဆရာအီကြာကွေးကို ပြောခဲ့တာကို ပြန်ကြားယောင်မိသည်။
အဏ္ဏဝါစိုးမိုး/ ခရီးသွားနေသူတွေအကြောင်း မှ စာတစ်ပိုဒ်ကိုကူးယူဖော်ပြပါသည်။
( သရပါမဂ္ဂဇင်း၊ အတွဲ၊၅၊ အမှတ်၊၉၊ ၂၀၁၃-ဒီဇင်ဘာလ)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်