လူပု ပုံပြင်


တစ်ခါက . . .မြို့တစ်မြို့မှာ လူပု ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့က သာမာန်လူတွေထက် အရပ်ပုတယ် ဆိုတာ သူတို့ တစ်မြို့လုံးက သိကြတယ်။ သူတို့ကိုယ်တိုင်ကလည်း သိကြတယ်။ ဒါပေမဲ့ သူတို့ လူပုဆိုတာ သူတို့ ဘယ်လိုမှ လက်မခံကြဘူး။ သာမာန်လူတွေ မလုပ်နိုင်တာကို ငါတို့ လုပ်ပြရင် ငါတို့ကို လူတွေက လူပုလို့ သတ်မှတ်တော့မှာ မဟုတ်ဘူး ဆိုပြီးတော့ သူတို့ ညီအစ်ကိုက တလွဲ အတွေးတွေ ဝင်နေကြတယ်။ ဒါကြောင့် သာမာန်လူတွေ မလုပ်နိုင်မဲ့ အရာ ၊ သာမာန်လူတွေထက် သာအောင် လုပ်နိုင်မဲ့ အလုပ်တွေကို လုပ်နိုင်ဖို့ သူတို့ အမြဲတမ်း စဉ်းစားနေကြတယ်။
ဒါနဲ့ တစ်နေ့တော့ လူပု အစ်ကိုက အကြံကောင်း တစ်ခုကို ရတယ်။ ဒီအကြံအတိုင်း လုပ်လို့ အောင်မြင်သွားရင် သူ့ကို ဘယ်သူ့မှ လူပု လို့ မထင်တော့ ၊ မမြင်တော့ ၊ မပြောကြတော့ဘူးလို့ သူက ထင်တယ်။ ဒါကြောင့် ဒီအကြံကို အကောင်အထည် ဖော်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီအကြံကို အကောင်အထည် ဖော်နိုင်အောင် သူ နေ့ရော ၊ ညပါ အားသွန်ခွန်စိုက် ကြိုးပမ်းတယ်။ ဒီအကြံအောင်မြင်ခဲ့ရင် သူ့ကို လူတွေ အားလုံး လေးစားလာကြလိမ့်မယ် လို့ ယုံကြည်နေခဲ့တယ်။
သူ့ရဲ့အကြံက ဘာလဲ ဆိုတော့ " တံတွေးကို ခပ်ဝေးဝေး ရောက်အောင် ထွေးနိုင်မယ် ဆိုရင် အရပ်ရှည်တယ် လို့ ယူဆနိုင်မယ် " ဆိုတဲ့ အတွေးအကြံလေးပါပဲ။ ဒီအကြံကို အကောင်အထည် ဖော်ဖို့ သူ ရောက်ရာ နေရာမှာ တံတွေးလေး တထွေးထွေးနဲ့ " ထွီ . . . ထွီ . . . " ဆိုပြီးတော့ အဝေးဆုံးကို ရောက်အောင် လှမ်းလှမ်း ထွေးလေ့ ရှိတယ်။ ပြီးတော့ သူ တံထွေး ထွေးလို့ ရောက်တဲ့ နေရာကိုလည်း ဂုဏ်ယူနေလေ့ ရှိတယ်။ သူနဲ့ နီးစပ်ရာ လူတွေကိုလည်း သူ့ရဲ့ တံထွေး ရောက်ရာ နေရာကို ပြပြပြီးတော့ ဂုဏ်ယူနေခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေက မသိကြဘူး။ ဘာလို့များ တံထွေးကို အဝေးကြီး ရောက်အောင် လှမ်းထွေးတာလဲ လို့ နားမလည်နိုင်ကြဘူး။ ပြီးတော့ လူဆိုတာက တံထွေးကို ရွံတတ်တဲ့ အမျိုးအစားတွေ ဆိုတော့ နောက်ပိုင်းမှာ သူနဲ့ တွေ့တဲ့ အချိန်မှာ သူ့ရဲ့ တံထွေး အစ အနတွေ စင်မှာ စိုးလို့ ခပ်ဝေးဝေးကပဲ ရှောင်ကွင်းသွားလေ့ ရှိတယ်။ ဒါပေမဲ့ သူကတော့ မသိရှာဘူး ၊ လူကြား သူကြား ရောက်တိုင်း သူကတော့ အဝေးဆုံး ရောက်အောင် အင်အားကို စုစည်းကာ အားကုန်သုံးပြီးတော့ တံထွေးကို လှမ်းလှမ်း ထွေးနေလေ့ ရှိတယ်။
နောက်ထပ် ညီတစ်ယောက် ဖြစ်တဲ့ ညီလူပုကတော့ တခြားသော အကြံအစည် တစ်ခုကို ရထားခဲ့တယ်။ သူ့ရဲ့ အကြံကလည်း သာမာန်လူတွေထက် သူက အရပ် မနိမ့်ကြောင်း သက်သေပြချင်တဲ့ အကြံအစည်လေးပါပဲ။
သူက ကျတော့ အတွေးတစ်မျိုး ရတယ်။ သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက်ကို ကိုင်ပြီးတော့ စမတ်ကျကျ လမ်းလျှောက်နိုင်မယ် ဆိုရင် သူ့ကို ဘယ်သူမှ လူပုလို့ မထင်တော့ဘူး လို့ အတွေးဝင်တယ်။ ဒါကြောင့် သူက သာမာန်လူတွေ ကိုင်တဲ့ တုတ်ကောက်ထက် ပိုရှည်တဲ့ တုတ်ကောက် တစ်ချောင်းကို ကိုင်ဆောင်ကာ လမ်းလျှောက်လေ့ ရှိတယ်။ ပြီးတော့ သူ တုတ်ကောက် အရှည်ကို ကိုင်ကာ လမ်းလျှောက်နိုင်တယ် ဆိုတဲ့ အကြောင်းကို လမ်းမှာ တွေ့သမျှ လူတွေ အားလုံးကို လှမ်းလှမ်းပြလေ့ ရှိတယ်။
ဒါပေမဲ့ ခက်တာက သူက လူပုလေး ဖြစ်နေတော့ တုတ်ကောက်ရဲ့ ထိပ်ပိုင်းကို ကိုင်လို့ မမှီဘူး။ တကယ်လို့ တုတ်ကောက် ထိပ်ကို ကိုင်လိုက်မယ် ဆိုရင်လည်း သူ တုတ်ကောက်ကို လမ်းမှာ ထောက်လို့ မရတော့ဘူး။ တုတ်ကောက်ကို လမ်းပေါ်မှာ တွန်းနေသလို ဖြစ်နေတတ်တယ်။ ဒီတော့ သူ တုတ်ကောက်ရဲ့ အလယ်ကိုပဲ ကိုင်ရရှာတယ်။ ဒီတော့မှ တုတ်ကောက်က လမ်းပေါ်ကို ထောက်လို့ ရတယ်။ ဒါပေမဲ့ သူနည်းနည်း သတိလွတ်သွားတာနဲ့ တုတ်ကောက်ရဲ့ အလယ်ကို ကိုင်ထားရတာ ဆိုတော့ တုတ်ကောက်ရဲ့ ဟန်ချက် ပျက်သွားရင် တုတ်ကောက်ရဲ့ အပေါ်ပိုင်းက လေးပြီးတော့ သူ့ရဲ့ ခေါင်းကို ရိုက်မိသလို ဖြစ်တယ်။ ဒါကြောင့် သူက သတိထားပြီးတော့ ကိုင်ရတယ်။ သူ့ခေါင်းမှာလည်း အဖုလေးတွေနဲ့ပေါ့လေ။
ဒါနဲ့ နောက်ထပ် တစ်မျိုး စဉ်းစားပြီးတော့ တုတ်ကောက်ရဲ့ အလယ်ကနေ မကိုင်တော့ဘဲ ၊ တုတ်ကောက်ရဲ့ ထိပ်ဖျားကနေပြီးတော့ ကိုင်ကာ လမ်းစမ်း လျှောက်ကြည့်တယ်။ ဒီတော့ တုတ်ကောက်ရဲ့ ထိပ်ဖျားကို မြေကြီးကို မထောက်နိုင်ဘူး။ တုတ်ကောက်ကို တွန်းသလို ဖြစ်နေပြန်တယ်။ ဘာလို့လဲ ဆိုတော့ တုတ်ကောက်က သူ့ထက် ရှည်နေပြီးတော့ သူက လူပုလေး တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူ လမ်းလျှောက်မယ် ဆိုရင် တုတ်ကောက်က သူ့ထက် အရှေ့ကို ရှည်ပြီးတော့ ရောက်နေလေ့ ရှိတယ်။ ဒီတော့ သူ လမ်းလျှောက်လို့ သိပ်မကြာခင်မှာ တုတ်ကောက်ရဲ့ ထိပ်ဖျားက မြေကြီးကို ထောက်ပြီးတော့ သူ့ကို ရှေ့ဆက်လို့ မရအောင် တွန်းထားသလို ဖြစ်နေတယ်။
ဒါပေမဲ့ ညီလူပုကတော့ သူ တုတ်ကောက် အရှည်ကြီး ကိုင်ကာ လမ်းလျှောက်ရတာကို ဂုဏ်ယူနေခဲ့တယ်။ သူ့ရဲ့ တုတ်ကောက်ကြောင့် သူ့ကို လူပု လို့ လူတွေ မထင်တော့ဘူးလို့ အထင်ရောက်နေခဲ့တယ်။ လူတွေ အားလုံးကတော့ သူ ဘာဖြစ်လို့ တုတ်ကောက် အရှည်ကြီးကို ကိုင်ပြီးတော့ လမ်းလျှောက်နေတယ် ဆိုတာ နားမလည်နိုင်ခဲ့ကြဘူး။ သူ့ကို ကြည့်ရတာ သူ့ရဲ့ တုတ်ကောက် အရှည်ကြီးက အလယ်က ကိုင်မိတဲ့ အခါကျတော့ သူ့ရဲ့ ခေါင်းကို ပြန်ရိုက်မိလို ရိုက်မိ ၊ ဒါမှမဟုတ် တုတ်ကောက်ရဲ့ ထိပ်ပိုင်းက ကိုင်မိပြန်တော့လည်း မြေကြီးကို တုတ်ကောက် ထိပ်က အလျားလိုက် ထောက်နေမိပြီးတော့ ရှေ့ဆက်ဖို့ ထောက်ကန် ခံနေမိလေတော့တယ်။
ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ အရပ်မနိမ့်ဘူးလို့ သက်သေ ပြချင်တဲ့ စိတ်ဆန္ဒနဲ့ တစ်ယောက်ကတော့ တံထွေးကို အဝေးဆုံး ရောက်အောင် လို့ လှမ်းထွေးရင်းနဲ့ သက်သေပြနေလေ့ ရှိပြီး တစ်ယောက်ကတော့ ကိုယ်နဲ့ မတန်သော တုတ်ကောက်ရှည်ကြီး တစ်ချောင်းကို ကိုင်ကာ ခေါင်းအဖုခံ ၊ ခရီးလမ်းမှာ အလျားလိုက် အထောက်ခံပြီးတော့ လျှောက်လှမ်းနေလေ့ ရှိတယ်။ ဒါပေမဲ့ သူတို့ကသာ သူတို့ကိုယ် သူ ထင်နေကြတာ။ သူတို့ကို မြင်တဲ့ လူတိုင်းကတော့ သူတို့ ဘာကြောင့် ဒီလို လုပ်နေတယ် ဆိုတာ နားမလည်နိုင်ကြဘူး။
အင်း . . .
ဒီလို လူပုလေးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော်ကို ပေါများပါတယ်။ ကိုယ့်ကို လူအထင်ခံချင်တာနဲ့ ကိုယ့်ရဲ့ တံထွေးကို အဝေးဆုံး ရောက်အောင် ထွေးလို ထွေး ၊ ကိုယ်နဲ့ မတန်တဲ့ တုတ်ကောက်ကြီး တကိုင်ကိုင်နဲ့ လမ်းသလားလို သလားနဲ့ သွားလာ လှုပ်ရှားနေတတ်ကြတယ်။ သူတို့ရဲ့ လုပ်ရပ်က ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ နည်းနည်းတော့လည်း မျက်စိနောက်တာ တစ်ခုပါပဲ။ ဒါပေမဲ့လည်း ဒါကလည်း သူတို့ရဲ့ ဘဝပေး ဝဋ်ကြွေး လို့များ ဆိုနိုင်မလား မသိပါဘူးလေ။
........................................
စိတ္တသုခ၊ကာယသုခ နှင့်ပြည့်စုံနိုင်ကြပါစေ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်