သင် သေသွားခဲ့သော်......

....
တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာပြီး လောဘကြီးတဲ့ လယ်ပိုင်ရှင်ကြီး တစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သူ့ထက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က လယ်ပိုင်ရှင်ကြီးကို ငါပိုင်တဲ့ မြေတွေထဲမှာ မနက်ကနေစပြီး လမ်းလျှောက်သွားလို့ ညနေ နေ၀င်ချိန်မှာ စလျှောက်သွားတဲ့ နေရာကို ရောက်အောင် ပြန်လာနိုင်တဲ့ မင်း လျှောက်နိုင်သလာက် မြေကြီးကို ငါပေးမယ်လို့ ပြောပါတယ်..
ဒါနဲ့ လောဘကြီးတဲ့ မြေပိုင်ရှင်ကြီးကလဲ သူ့မှာ မြေတွေအများကြီး ရှိနေပါရက်နဲ့ မတော် လောဘတက်ပြီး အလကား လိုချင်တော့ မနက် စောစောထပြီး အဲဒီမြေနေရာကို သွားပါတယ်.. ပြီးတော့ စမှတ်တစ်ခုကို မှတ်သားထားပြီး ၄င်းနေရာကနေ လမ်းစ လျှောက် ပါတယ်.. ဖြေးဖြေး လျှောက်ရင် နေရာများများ မရမှာ စိုးတဲ့အတွက် လယ်ပိုင်ရှင်ကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက် ပါတယ်.. မြန်နိုင်သမျှ မြန်မြန် လျှောက်ပါတယ်.. သူဟာ မောပန်းလွန်းနေပြီ ဖြစ်သော်လည်း အနားယူဖို့၊ ရပ်တန့် ပစ်လိုက်ဖို့ စိတ်ကူး မရှိပါဘူး.. သူ့ဘ၀မှာ အခုထက် ပိုပြီး ကြွယ်၀ ချမ်းသာလာဖို့ ဒီတစ်ခါသာရတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်တဲ့အတွက် မရပ်မနား လျှောက်နေဆဲပါ…..
နေ့လည်စောင်းလာတော့ သူ့ကိုယ်သူ ခရီးတော်တော်များများ ပေါက်ခဲ့ပြီ ဆိုတာ သဘောပေါက်လာတယ်.. နေ၀င်ချိန် အမှီလဲ စ မှတ်ကို ပြန်ရောက်ရဦးမယ် ဆိုတော့ သူ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ပါတယ်.. သူ့လောဘစိတ်ရဲ့ စေ့ဆော်မှု ကြောင့်သာ ဒီလောက် အကွာ အဝေးကို သူလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်.. သူနောက်ကြောင်း ပြန်လှည့်လျှောက်ရင်း မျက်လုံးက နေကိုသာ စူးစူးစိုက်စိုက် ကြည့်ပြီး လျှေက်လာပါတယ်.. နေ၀င်ခါနီးလေ မြန်အောင်ပြေးလေ.. နေ၀င်ခါနီးလေး မြန်သထက် မြန်အောင်ပြေးလေ ပါဘဲ.. နေ၀င်သွားလို့ သူစလျှောက်ခဲ့တဲ့ နေရာကို မရောက်ရင် ဒီမြေတွေကို သူရမှာ မဟုတ်တော့ဘူးလေ.. ဒီတော့ ပြေးရင်းပြေရင်း မောပန်းလွန်းလို့ အသက် တောင် မရှူနိုင်အောင် ဖြစ်လာပါတယ်..
နောက်ဆုံးတော့ သူစလျှောက်တဲ့ နေရာလဲ ရောက်ရော မြေပိုင်ရှင်ကြီးဟာလဲ အမောဆို့ပြီး လဲကျသွားပါရော.. နေ၀င်ချိန် မတိုင်ခင်မှာတော့ အစကို ပြန်ရောက်ခဲ့ပါရဲ့.. သို့သော်လည်း အမောဖောက် နှလုံးခုန်ရပ်ပြီး အဲဒီနေရာလေးမှာဘဲ သေဆုံး သွားခဲ့ပါတယ်..သူသေသွားတော့ အဲဒီသူပိုင်သွားပြီ ဖြစ်တဲ့ မြေကြီးမှာဘဲ လူတွေက သူ့ကို မြုပ်နှံ လိုက်ကြပါတယ်.. မြေပိုင်ရှင်ကြီး သေတော့ နောက်ဆုံး လိုအပ်တာ၊ သူပိုင်သွားတာက သူ့တစ်ကိုယ်စာ မြုပ်နှံဖို့ ခြောက်ပေအရှည် မြေကွက်လေး တစ်ကွက်မျှသာ………………
ကဲ သင်သေသွားတဲ့ နောက် ဘယ်လိုပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုမျိုးက သင့်နောက်ကို လိုက်ပါသွားပါသလဲ.....
-------------------------------------------------------------------------------------------------------------------------------
သတိ သံဝေဂယူစရာ ပုံပြင်လေးတစ်ပုဒ်ပါနော်.... အချို့သောသူတွေဟာ ငွေကြေးဥစ္စာနောက်ကို အာသာငမ်းငမ်း လိုက်နေကြတယ်.. သားသမီး အတွက်၊ မိဘအတွက်၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း ချစ်သူခင်သူများအတွက် ပေးစရာ အချိန်မရှိလောက်အောင် ငွေနောက်ကို ကောက် ကောက်ပါ နေကြတဲ့ သူတွေအများကြီးပါ.. ဘာသာရေးနဲ့ လူမှုရေး လုပ်ငန်းတွေကိုပါ လှည့်မကြည့် နိုင်လောက်အောင် အချိန် ရှားပါး နေကြတယ်.. ကျိကျိတက် ချမ်းသာနေသော်လည်း မိသားစုနဲ့ ထမင်းစားဖို့တောင် အချိန်မပေးနိုင်၊ လည်ပတ်သွားလာ အပန်းဖြေဖို့တောင် အချိန်မပေးနိုင်ရင် ဘ၀ရဲ့ ချမ်းသာခြင်းဟာ ပြီးပြည့်စုံပါရဲ့လား စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား... လူချမ်းသာသော်လည်း စိတ်မချမ်းသာရင် ချမ်းသာသုခနဲ့ ပြည့်စုံတယ်လို့ ခေါ်ဆိုထိုက်ပါရဲ့လား.... ဘ၀ ရှင်သန် ရပ်တည်ဖို့ ငွေကြေးဥစ္စာ လိုအပ်သလို အဓိပ္ပယ်ရှိတဲ့ ဘဝြဖစ်ဖို့ ဆိုတာလဲ စိတ်၏ ချမ်းသာခြင်းနဲ့လဲ ပြည့်စုံဖို့ လိုအပ်ပါတယ်.. စိတ်၏ ချမ်းသာခြင်းကို ဘယ်လိုရှာဖွေမလဲ.... မေးချင်စရာပါ.. ခက်ခက် ခဲခဲတော့ မဟုတ်ပါဘူး.. မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားလာခြင်း၊ လူမှုရေးလုပ်ငန်းတွေမှာ အလျှဉ်း သင့်သလို ပါ၀င် ဆောင်ရွက်ခြင်း၊ ဘာသာရေး ကိစ္စတွေမှာ အချိန် အနည်းငယ်ပေးခြင်း မိမိဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်း (ဥပမာ စာဖတ်ခြင်း၊ စာရေးခြင်း၊ သီချင်းဆိုခြင်း၊ လည်ပတ်ခြင်း၊ စျေး၀ယ်ထွက်ခြင်း၊..........) စသဖြင့် စိတ်အပန်းဖြေနိုင်မဲ့ အရာတွေ အတွက်လည်း အချိန်ကို ခွဲဝေ ပေးသင့်ပါတယ်... လောဘတကြီး ငွေနောက် လိုက်နေကြပေမဲ့ မိမိသေတဲ့အခါမှာတော့ အားလုံးကို ချန်ရစ်ခဲ့ ရမှာပါ... အသက် ရှင်သန်နေစဉ် လေးမှာတော့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့စွာနဲ့ အတ္တနဲ့ပရ ကို မျှတအောင် ကြိုးစားသွားကြပါစို့လားရှင်...
ဖတ်လိုက်ရတဲ့ Inspirational ဘလော့ဂ် တစ်ခုထဲက Where Does It end? ကို စာဖတ်သူများအား ဘာသာပြန်၍ ပြန်လည်မျှဝေပါတယ်ရှင်...
ချော(အစိမ်းရောင်လွင်ပြင်)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်