သစ်ပင် ပုံပြင်

သစ်ပင် ပုံပြင်
*********
တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသောသစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင်သည် ပိန္နဲပင်မျိုးဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများသီးထနေလေသည်။ ထိုအသီး၏ရနံ့မှာ လွန်စွာမွှေးကြိုင်ပြီး တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့နေသည်။
ထို့ကြောင့် တိုင်းပြည်ရှိ ပြည်သူ အားလုံးက ထိုအသီး၏အရသာကို မြည်းစမ်းကြည့်ချင်နေကြသည်။ သို့သော် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ်ပင်သည် အများပိုင်ဖြစ်သော်လည်း ပြည်သူပိုင်အသိမ်းခံရလေသည်။
ပြည်သူပိုင်သိမ်းတော့ ဘုရင်နှင့် အပေါင်းအပါပိုင်ဖြစ်သွားသည်ပေါ့။
ထိုတိုင်းပြည်တွင် ပြည်သူပိုင်ဟု အမည်တပ်ထားသည်မှန်သမျှ ပြည်သူက ဘယ်တော့မှမပိုင်ဘဲ အုပ်ချုပ်သူ ဘုရင်နှင့် အပေါင်းအပါများ ပိုင်ကြသည်မှာ ထုံးစံပင်။
ထို့ကြောင့် ပြည်သူပိုင်အသုံးပြုရန် ခေါင်းစဉ်ဖြင့် ညအချိန်မတော် သစ်ပင်ကို အမြစ်မှတူးယူ၍ နန်း တော်ဝင်းထဲ သယ်ယူသွားကြသည်။
နန်းတော်ဝင်းထဲရောက်သော
အခါ ပြဿနာတက်နေကြသည်။ ပုံသဏ္ဍာန်မမှန်ဘဲ ပေါက်ရောက်နေသောအပင်မှ ပုံသဏ္ဍာန်မမှန်ဘဲ ပေါက်ရောက်နေသောအသီးတို့ မည်သူကမှ မမြည်းစမ်းရဲကြ။ တချို့ကလည်း အနံ့ကမွှေးကြိုင်လွန်းနေ၍ မြည်းစမ်းချင်ကြသော်လည်း သေစေနိုင်သော အဆိပ်သီးလည်းဖြစ်နေနိုင်၍ မည်သူကမှမမြည်း စမ်းရဲကြ။
အနံ့မွှေးလွန်းလို့ မြည်းစမ်းမှ ဂန့်ခနဲဖြစ်ကုန်မှာ မည်သူမှမလိုချင်။ ထို့ကြောင့်
" အေး..အနံ့ကတော့ စားချင်စရာ၊ ရှလွတ်။ ဒါပေမဲ့
အရသာက ဘယ်လိုနေမလဲမသိဘူး "
" ဘုန်းတော်ကြောင့် မင်းကြီး
အရင်မြည်းကြည့်သင့်ပါတယ် ဘုရား "
ဝန်ကြီးများက မြှောက်ပေးသည်။ ဘုရင်လည်းနပ်၏။
" ခွေးကောင်တွေ ဒါမျိုးကျတော့ တတ်တယ်။
မင်းတို့မြည်းကြပါလား "
ဆိုတာကို ဝန်ကြီးများကလည်း လည်သည်။
" အဟီး..ဘုန်းတော်ကြီးသော ဘုရင်ကြီးကိုယ်တိုင် မမြည်းသေးဘဲ ကျွန်တော်မျိုးတို့ မမြည်းဝံ့ပါဘုရား။ တော်ကြာ ဘုန်းတော်ကြောင့် မိုးကြိုး ပစ်နေမှဖြင့် "
" ဒါဆို ဘယ်သူ့မြည်းခိုင်းရမှာလဲ "
ဘုရင်၏အမေးကို ဝန်ကြီးတစ်ပါးက သူတို့အပေါ်မကျပြီးရော သဘောဖြင့်
" သတင်းထုတ်ပြန်ရေးကိုပေး မြည်းသင့်ပါတယ်ဘုရာ့။
သူက သတင်းထုတ်ပြန်နေကျပါ ဘုရာ့ "
သူ့အပေါ်ကျလာတော့ ဟိုကလည်းပဲ ခေါင်းကိုခပ်သွက်သွက်ယမ်းကာ..
" ကျွန်တော်မျိုးက တစ်ပါးသူလုပ်ပြီးမှ အပြုသဘောဆောင်သော သဘောကို ထုတ်ပြန်ရန်သာ တာဝန်ရှိပါတယ်ဘုရာ့။ သတင်းထုတ်ပြန်ရေးက ဘာကိုမှ အတိအကျသိစရာ မလိုပါဘူးဘုရာ့။
ဒါကြောင့် မသင့်တော်ကြောင်းပါဘုရာ့ "
တကယ်တမ်းစမ်းသပ်ရမည်ဆိုတော့ မည်သူကမှ တာဝန်မယူကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင်ဆောင်နေကြသည်။
" ကဲ..ဒါဖြင့် ဘယ်လိုလုပ်မလဲ "
အားလုံး ခေါင်းချင်းဆိုင်ကုန်၏။အတန်ကြာမှ..
" ဒါဖြင့် ဒီလိုလုပ်။ ပြည်သူတွေထဲကတစ်ယောက်ကို
အရင်စမ်းသပ်ခိုင်းလိုက်မယ်၊ မကောင်းဘူးလား "
သူ့စကားကို တခြားဝန်ကြီးများ က..
" အရသာတအားကောင်းနေရင် ဒီအသီးကို ပြည်သူတွေအရင် စားဖူးတယ်ဆို တို့ဝန်ကြီးတွေ သိက္ခာကျမှာပေါ့ ဝန်မင်းကလည်း "
" ဒီအသီးစားပြီး သေတော့ရော "
" ဒါကတော့ ပြည်သူက သူ့ထိုက် သူ့ကံနဲ့ သေတာ
သေပါစေပေါ့ ဝန်မင်းကလည်း "
သြော်..မတော်တဆအသီး ကောင်းဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ်ဆိုတော့ ပြည်သူကိုသေစေချင်။ ဘယ်လိုဝေခွဲရမှန်းပင်မသိ။ အတန်ကြာမှ ဘုရင်က အတွေးပေါက်ပြီး
" ဒီလိုလုပ်။ ခုနကပြောတဲ့ အတိုင်း ပြည်သူကို
အရင်မြည်းခိုင်း မယ် "
" ကောင်းနေရင် "
" ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး
ဘယ်သူမှမစားဖူး သလိုလုပ်ရုံပေါ့ "
" သေရင်ရော၊ သေရင်တော့ စေတနာနဲ့ လက်ဆောင်ပြန်ပေးတာပေါ့ကွာ၊ ဟုတ်ဘူးလား "
" ဟေး… "
ဝန်ကြီးများ ဝမ်းသာသွားကြ သည်။
" ဟုတ်တယ်။ ပြည်သူပိုင်ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေရင် ပုဂ္ဂလိကပိုင်၊
သုံးစားမရရင်တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။
ဟုတ်ဘူးလား။ ဟေး…ပျော်တယ် ဟေ့ "
ဤသို့ဖြင့် ပြည်သူပိုင်သစ်သီး ကို ပထမဆုံးစားသုံးရန် ပြည်သူတစ်ဦးကို ခေါ်လာကြလေသည်။ ကံဆိုးသူမောင်ရှင်ကား ရောက်ပြီ။
" ကိုင်း..မောင်မင်း ဒီအသီးကို
အရင်ဆုံးမြည်းစမ်းကြည့်စမ်း "
" ကျွန်တော်သေသွားရင်.. "
" ကံပေါ့မောင်မင်း "
" လျော်ကြေးမရဘူးလား "
" ထုံးစံမရှိဘူးမောင်မင်း။
ဒါမျိုး မပြောနဲ့၊ ဓာတ်လိုက်သေတောင်မရဘူး "
ဘယ်လိုဖြစ်ဖြစ် နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနှင့်ရောက်မည့်အရေးကြောင့်
စားမည့်သူမှာ တုန်လှုပ်နေ ရလေသည်။
" ကဲ..သုံးဆောင်လို့ရပြီ မောင်မင်း "
သာမန်လူမှာ တုန်လှုပ်နေရ လေသည်။ ဘယ်လိုဖြစ်ဖြစ် အခြေအနေမကောင်းမှန်းသိသည်။ သို့ သော် မတတ်သာသော အခြေအနေမို့ အသီးတစ်လုံးကို ဖြုတ်စားလိုက် သည်။
" ဟာ… "
ခံတွင်း၌ ချိုအီပြီး အရသာရှိ လှသည်မို့ ပြည်သားမှာ အံ့အားသင့်သွားသည်။ ဆက်စားချင်စိတ်ဖြစ်သော် လည်း မျက်နှာကိုချက်ချင်းပြင်ပြီး
" ဟာ..ခါးလိုက်တာ၊ ထွီ..ထွီ "
ဆိုပြီး စားချင်စိတ်ကို မြိုသိပ်ပြီး ထွေးထုတ်လိုက်သည်။ ဘေးနားကကြည့်နေသော ဝန်အဖွဲ့က..
" ဟဲ့..မောင်မင်း၊ အရသာ ဘယ့်နှယ်တုံး "
" ထွီ..ခါးလိုက်တာ။ စားကြည့်စမ်း၊ အောင်မလေး..ကျွန်တော်၊ ကျွန်တော် သေတော့မလားမသိဘူး၊ အောင်မလေး.. "
ထိုစကားကြားတော့ ဝန်ကြီး များက
" ဟေ့..ဟေ့..အဆိပ်ပင် ဟေ့။ အနားမကပ်ကြနဲ့။ သေတတ် တယ်၊ သေတတ်တယ်။ ဟေ့..အဲဒီ အပင်ကို အမြန်ခုတ်စမ်း၊ အမြန်နုတ်လှဲလိုက်ကြစမ်း "
သိပ်မကြာပါ။
ဘာကိုမှ ကိုယ်တိုင်မစူးစမ်းဘဲ
သူများခါးတယ်ဆိုတိုင်း လိုက်ခါးသော
အပေါင်းအပါများ လွန်စွာအရသာရှိသော သစ်ပင် ကို ခုတ်လှဲလိုက်ကြသည်။ ထို့အပြင် နောက်တစ်နေ့ သတင်းထုတ်ပြန်ရာတွင်.....
" ဤအပင်မှာ အဆိပ်ပင်ဖြစ်၍ ပြည်သူအပေါင်း ဘေးမခရလေအောင် အသေအချာစမ်းသပ်ပြီး ခုတ်ထွင်လိုက်ပြီဖြစ်ကြောင်း၊ ဤသည်ကား
ဘုရင်နှင့် ဝန်ကြီးများ၏ စေတနာပင်ဖြစ်ကြောင်း.. "
ဘာကိုမှ တကယ် ကိုယ်တိုင် ကိုယ်ကျ စူးစမ်းလေ့လာခြင်းမရှိသော တိုင်းပြည်တွင် ချိုသောအပင် မရှိနိုင်ချေ။
#Credit
#အကြည်တော်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်