ကြွက်ထောင်ချောက်

ကြွက်ထောင်ချောက်' ( ဆရာဖေမြင့်)

တစ်ခါတုန်းက….

ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာအကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာတွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကိုရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က၀ယ်လာတဲ့ “ကြွက်ထောင်ချောက်”။

မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်းထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။ အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်က ခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ။

အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစရာယက်ပြီးရှာနေတဲ့ ကြက်မက၊ “ဒီလောက်တောင် အော်မနေနဲ့ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။

ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က- “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့်ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲတတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေးလို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲသတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာတပ်ထားမယ့် အနံ့ကလည်းမွှေး၊ အရသာလည်းရှိပြီး ကြွက်မှန်သမျှ သွားရည်တများများကျစေမယ့်အစာကို အနားသားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးကရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆတိုက်မိ တယ်ဆိုတာမျိုးမဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်၀င်လာခဲ့တယ်။

အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာပေါက်ထွက်လာပြီး ကတည်းက သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက်တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မ ကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။

နွားကြီးကတော့ “စောစောသေ တော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ”တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှမဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့်ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။

မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအနံ့မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီးသွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မထွက်လာတာမြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကိုသွားဆွဲတဲ့အခါ မြွေကလှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမားပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့်ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။

အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေလှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာ၀န် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာ၀န် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး

ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမ၀င်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ်ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ဝုိင်း၀န်းအကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ်လုပ်တယ်။ ဆရာ၀န်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။

လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုးမိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်းမပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေမကောင်းတော့ သားချင်းတချို့လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။

အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမ်းဖို့ရော၊ ဆရာ၀န်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့၀က်ကိုသတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။

ဆရာ၀န်ရော အရပ်ကပါ ဝုိင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန်ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။

အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ကြွက်ဟာ အကြီးအကျယ် ထိတ်လန့်အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင်ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းကြောက်နေတုန်းက ကိုယ်နှင့်မဆိုင်သလိုနေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအ၀င် သတ္တဝါ ၅ ဦးအသက်ဆုံးရုံးသွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီးကြောက်သွားခဲ့တယ်။

ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆

ငါနဲ့မဆိုင်ပါဘူးကွာ ဆိုတဲ့အတွေး သင့်ခေါင်းထဲမှ ဆွဲ၍ ထုတ်ပစ်လိုက်ပါ...။ '

Credit -ဗဟုသုတမှတ်စု

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်