ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ..."

" ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ..."

တစ်ခါတုန်းကမြစ်ထဲမှာ လှေနဲ့ကွန်ပစ်ပြီးငါးဖမ်းတဲ့ တံငါသည်တစ်ယောက်ဟာငါးသုံးကောင်မိတော့ အရှင်အတိုင်းပဲ လှေဝမ်းထဲမှာ ရေစပ်စပ်ထည့်ပြီးလွှတ်ထားလိုက်တယ်။
အဲဒီထဲမှာ တစ်ကောင်သော ငါးက လှေထဲရောက်နေပြီးဆိုတာသိလို့လွတ်အောင်ဆိုပြီးခုန်တယ်၊ လှေနှုတ်ခမ်းကို မကျော်တော့ ရေပြင်ထဲမရောက်ဘူး။
လှေဝမ်းထဲမှာပဲ ပြန်ပြန်ကျနေတယ်။ခုန်တယ်။ ပြန်ကျတယ်။အကြိမ်ကြိမ် ကြိုးစားပြီးခုန်နေတယ်။အကြိမ်တိုင်းပြန်ကျတယ်။
ကြာတော့ တံငါသည်က စိတ်တိုပြီး လှေတက်နဲ့ရိုက်လိုက်တာသေပါရောလား။
ဒီငါးဟာ ဝီရိယတော့ရှိပါရဲ့။ဥာဏ်မကူတော့ အသက်ဆုံးရပါတယ်။
ဒုတိယငါးကတော့ ငါ ကံကောင်းလို့ခုထိမသေတာ၊ကံကောင်းရင် နောင်လည်းမသေနိုင်ဘူး။အချိန်တန်ရင်လွတ်မှာပဲဆိုပြီး ဒီအတိုင်းပဲ လှေဝမ်းထဲမှာငြိမ်နေတယ်။
သူလည်းအိမ်အထိပါသွားတော့ ဟင်းစားဖြစ်သွားတာပဲ။ဒီငါးကျတော့ လုံ့လလည်းမထူ၊ ဥာဏ်လည်းမကူလို့သေရပါတယ်။
တတိယငါးကတော့ အခြေအနေ အခွင့်အခါကို စောင့်ဆိုင်းနေတယ်။လှိုင်းအပုတ်၊လှေအလူး၊ လှေနှုတ်ခမ်းနဲ့ရေပြင်နဲ့ညီခမန်းဖြစ်ချိန်မှာ
အားရှိသလောက်ခုန်ချလိုက်တာ တစ်ခါတည်း ရေထဲပြန်ရောက်သွားပါတယ်။တတိယငါးကတော့ ဥာဏ်ကူတဲ့အတွက်လုံ့လဝီရိယကို အသုံးချလိုက်တဲ့အခါမှာ သူ့ကံရှိသလောက်ဆက်လက်ပြီးအသက်ရှင်ခွင့်ရသွားတာဖြစ်ပါတယ်။
++++++++++++++++++

ကံရယ်၊ဥာဏ်ရယ်၊ဝီရိယရယ်အကြောင်းသုံးပါးမှာသုံးပါးစလုံးညီညွတ်နေရင်တော့ အကောင်းဆုံးပါပဲ။ကံက အလုပ်လို့ဆိုပါတယ်။
အလုပ်ကောင်းရင် ကံကောင်းပါတယ်။အတိတ်ကံက မမြင်နိုင်တာရယ်။
ပြုပြင်လို့မရနိုင်တာကြောင့်ကံကိုယုံကြည်၊အားကိုးရတာကဒုတိယငါးလို ဆုံးရှုံးမှုတွေ့သွားနိုင်ပါတယ်။
ဝီရိယကို အားကိုးရတာကကောင်းပါတယ်။ဥာဏ်မကူတဲ့အခါ ကိုယ်ကြိုးစားရင်
ကြိုးစားသလောက်အရာမရောက်တာကိုမကြာခဏတွေ့နေရတတ်ပါတယ်။
အချိန်အခါမဟုတ် လုံ့လထုတ်လိုက်တဲ့အတွက်ကြောင့်ပထမငါးကတော့ လှေတက်နဲ့အရိုက်ခံရပြီးခေါင်းကွဲကာသေသွားရပါတယ်။
ဥာဏ်နည်းရင် ဒုက္ခများတတ်ပါတယ်။တတိယငါးကတော့ အချိန်အခါကိုစောင့်တတ်တာရယ်၊
အားထုတ်သင့်တဲ့အချိန်မှာ အားထုတ်လိုက်တဲ့အတွက်အသက်ရှင်ခွင့်ရသွားပါတယ်။
အောင်မြင်မှုလည်း ဒီလိုပါပဲ။ဥာဏ်သာလျှင်အမိ၊ဥာဏ်သာလျှင်အဖဖြစ်တာကြောင့်အသိဥာဏ်ကဦးဆောင်နိုင်အောင်ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။

++++++++++++++++++
လုလ္လမထူ၊ ဥာဏ်မကူဘဲ၊အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံဟု၊ကံကိုချည်းသာ၊ မကိုးရာဘူး၊
ပညာဥာဏ်ဖြင့်၊ သင့်မသင့်ကို၊အခွင့်ရှု၍၊ အပြုလုလ္လ၊ရှိအပ်စွာတည်း။
(မာန်လည်ဆရာတော်ဘုရားကြီး)

( မဃဒေဝလင်္ကာမှ…)

#Credit_မြန်မာပြည်သား

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်