သင်္ကြန် သမိုင်းကြောင်း
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထဝီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်၀င် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ဝါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်ကဝိများက ဒါကို ထေရဝါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တဝါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တဝါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်၀မ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။
***********
ကျွန်မတို့ မြန်မာ တွေ ဟာ သင်္ကြန်လို့ ကြားလိုက်ကြတာ နဲ့ လူငယ်တွေ နဲ့ တချို့ လူကြီးတွေ ရဲ့ စိတ်တွေထဲမှာဆိုရင် အလိုလိုကို မြူးကြွ လာခဲ့ကြပါတယ်။ တစ်ချို့ကြ တော့လည်း ဒီရက်တွေမှာ ဦးပဇင်း ၀တ်ဖို့ တို့ ၊ ရိပ်သာ ၀င်ဖို့ တို့သီတင်းသီလ ဆောက်တည်ဖို့ အတွက် သင်္ကြန်ရက် မတိုင်ခင် ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ တချို့ လူငယ်တွေကတော့ တစ်နှစ်တစ်ခါ နှစ်သစ်ကူး တဲ့ သင်္ကြန် ရက်ကို မရောက်ခင်ကတည်းက သင်္ကြန် သီချင်းတွေ ကြားနေရချိန်မှာပဲ စိတ်ဓာတ်တွေက မြူးကြွလို့၊ တက်ကြွလို့ ။ ဒီနှစ်သင်္ကြန်မှာ ငါတို့ ဘယ်လိုိုကဲလိုက်မယ်ဟေ့ ၊ ဘယ်လိုလည်လိုက်မယ် ဟေ့ ဆိုပြီး တွေးတော ကြံစည်နေကြတဲ့ လူငယ်ပေါင်းကလည်း မနည်းပါဘူး။ ဒါပေမယ့် ဒီလို သင်္ကြန်ကို ဘာကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကိုတော့ သိတဲ့သူ နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ ဒါကြောင့် မသိသေးတဲ့ လူငယ်လူကြီးများနှင့် သူငယ်ချင်း တို့ အတွက် ဒီသင်္ကြန်သမိုင်းကြောင်း လေးကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
#Credit
Myanmar Daily Nwas (Online Media Groups)
Comments
Post a Comment