**ကိုယ့် အတိုင်းအတာနှင့် ကိုယ်*

***ကိုယ့် အတိုင်းအတာနှင့် ကိုယ်***
တစ်ခါတုန်းက ကင်းခြေများတစ်ကောင်ရှိတယ်။ ကင်းခြေများဆိုတော့ ခြေထောက်တွေက အများကြီးပဲပေါ့။ လမ်းသွားရင် ခြေထောက်လေးတွေက ညီညီညာညာနဲ့ လှုပ်ရှားနေကြတာ သိပ်ပြီး ကြည့်လို့ကောင်းတယ်။ ယုန် ကလေးဖိုးသဲဟာ ကင်းခြေများကို သိပ်ပြီး သဘောကျနေတယ်။

`ခင်ဗျား လမ်းလျှောက်သွားရင် သိပ်ပြီးလှတာပဲ၊ ခြေထောက်လေးတွေက စီစီရီရီနဲ့ ဘယ်ညာခြေလှမ်းကို မှန်နေတာပဲ။´
`ဟုတ်လား၊ အေးကွ အားလုံးက ငါ့ခြေထောက်တွေကို သိပ်ပြီး သဘောကျနေကြတာပဲ´
`ကျနော်က ခြေထောက်နှစ်ချောင်းတည်းရှိတော့ သိပ်ပြီးမလှဘူး။ ပြီးတော့ လမ်းသွားရတာ ခရီးလဲမတွင်ဘူး´
`ဟာ ဒီလို ဘယ်ဟုတ်မလဲ ငါတို့ဟာ တစ်ကောင်နဲ့ တစ်ကောင် တိရစ္ဆာန်အမျိုးအစားချင်း ဘယ်တူပါမလဲ လူဆိုရင် ခြေထောက် နှစ်ချောင်း၊ ကြက်တွေဆိုလဲ ခြေထောက် နှစ်ချောင်းပဲ မဟုတ်လား၊ တစ်မျိုးစီပေါ့´
ဘယ်လိုပဲ ပြောပြော ယုန်လေးဖိုးသဲကတော့ ကင်းခြေများရဲ့ ခြေထောက်တွေကို သဘောကျနေတယ်။
တစ်နေ့မှာ… ကင်းခြေများဟာ သူ့လမ်းကို သူသွားရင် ပုတ်သင်ညိုတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတယ်။
ပုတ်သင်ညိုဟာ ကင်းခြေများကို အတင်းလိုက်ကိုက်တယ်။ ရန်သူကလိုက်တော့ ထွက်ပြေးရတာပေါ့။
အသက်လုပြေးရင် ပုတ်သင်ညိုရဲ့ ခြေထောက်နဲ့ နင်းမိလို့ ကင်းခြေများဟာ ခြေထောက် တစ်ချောင်းပြတ်ကျန်ရစ်ခဲ့တယ်။
ဒါပေမယ့် ကျင်းခြေများဟာ အရင်လိုပဲ ကျန်ခြေထောက်တွေနဲ့ ဟန်မပျက် သွားလာနေနိုင်တယ်။
`ဟာ၊ ကိုကင်းခြေများ ခင်ဗျားမှာ ခြေထောက် တစ်ချောင်း မရှိတော့ပေမယ့် ဘာမှ မထူးခြားဘူးနော်၊ အသွားအလာ ဘာမှ မထိခိုက်ဘူး´
ယုန်ကလေး ဖိုးသဲက အံ့အားသင့်နေတယ်။
`ငါ့မှာ ခြေထောက်တွေအများကြီးကျန်သေးတာပဲကွာ၊ အရေးမကြီးပါဘူး´လို့ ပြုံးပြုံးလေး ပြန်ပြောသတဲ့။
သိပ်မကြာပါဘူး ယုန်ကလေး ဖိုးသဲဟာ သစ်ပင်ပေါ်တက်ဆော့ရင်း မတော်တဆပြုတ်ကျလို့ ခြေထောက်လွဲသွားတယ်။ လမ်းလျှောက်တဲ့ အခါမှာတော့ ထော့နဲ့ ထော့နဲ့နဲ့ အားမရရင် ခြေတစ်ချောင်းတည်းထောက်ပြီး ခုန်ခုန်သွားတယ်။ ယုန်ကလေးဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထားမိတယ်။
`အင်း ကိုကင်းခြေများဟာ ခြေထောက်တွေ အများကြီးမို့ တစ်ချောင်းလောက် မရှိလဲ အကြောင်းမဟုတ်ဘူး။ ငါက ခြေထောက်နှစ်ချောင်းတည်းရယ်။ ခုကြည့်စမ်း ခြေတစ်ဖက်နာနေတာနဲ့ ခုန်ဆွခုန်ဆွသွားရတာ ဘယ်လိုမှကြည့်မကောင်းဘူး။ ကိုကင်းခြေများက ခြေထောက်တစ်ချောင်းကြောင့် အရေးမကြီးပေမယ့် ငါ့ခြေထောက်တစ်ချောင်းက ပိုအရေးကြီးတယ်။ မထိခိုက်ဖို့ ဂရုစိုက်ရမယ်´လို့ အသိတရားရသွားသတဲ့ကွယ်….

***၀င်းရွှေနောင်***

Credit _ JACBA

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်