ပျော်.. ပျော်.. ပျော်နေကြတာ

ပျော်.. ပျော်.. ပျော်နေကြတာ

တစ်ခါတုန်းက နတ်သားနှစ်ယောက်ရှိတယ်။ အရမ်းခင်တဲ့ နတ်သားသူငယ်ချင်းနှစ်ယောက်ပေါ့။ နာမည်က ကိုဒေ၀နဲ့ ကိုကာသ။ သူတို့က နတ်ပြည်မှာဘာလို့ နတ်သားအတူတူ လာဖြစ်ကြသလဲဆိုတော့ လူ့ဘ၀မှာတုန်းက သူတို့က မိသားစုချင်းသိပ်ကိုရင်းနှီး၊ သိပ်ကိုခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ လူ့ပြည်တုန်းက ကောင်းမှုကုသိုလ်၊ ရပ်ရွာကောင်းကျိုးတွေ အတူတူ လုပ်လာခဲကြတယ်။ အဲ့ဒီလိုလုပ်ခဲ့ကြပေမယ့် သူတို့လုပ်ခဲ့တဲ့ ကောင်းမှုဆိုတာ မှန်သမျှမှာ သူတို့ရဲ့သမာအာဇီ၀ပိုက်ဆံ၊ လုပ်အားတစ်ခုမပါဘူး။ သူတစ်ပါးဆီက လောဘစိတ်နဲ့မတရား ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ သူတစ်ပါးမျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရတဲ့အကျိုးအမြတ်၊ ငွေတွေနဲ့ သူတို့လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုပြီး နာမည်ခံပြီး ကျောင်း၊ ကန်၊ တံတားတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတာ။

ဒီလိုနဲ့သူတို့ အသက်တွေရလို့ ကွယ်လွန်ကြလေတော့ လူ့ဘ၀မှာ သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် နတ်ပြည်မှာ နတ်သားဘ၀နဲ့ အတူတူ ပြန်ဆုံကြတယ်။ ဒီတော့ နတ်ပြည်မှာလည်း လူ့ပြည်မှာတုန်းကလိုပဲ မခွဲစတမ်း တစ်တွဲတွဲပေါ့။ နတ်ပြည်ရောက်တော့ နတ်တို့စည်းစိမ်နဲ့ နတ်သမီးလေးတွေ တစ်ဖက်လေး၊ ငါးရာနဲ့ ပျော်ပါး၊ စံစားနေခဲ့တာ ဘယ်လောက်တောင်ကြာသွားခဲ့သလည်း မသိလိုက်ဘူး။ တစ်နေ့တော့ နှစ်ယောက်သား စိတ်နှလုံး မချမ်းမြေ့ဘဲနဲ့ အတူဆုံမိကြတယ်။ နတ်တွေဆိုတာ မိမိ စုတိစိတ် ကျရမှာကို (၇) ရက်ကြိုပြီးတော့ သိကြတာမျိုးလေ။ စုတိစိတ်ကျပြီး နောင်ရောက်မယ့် ဘ၀ကိုလည်း ကြိုမြင်၊ ကြိုသိကြတယ်။ သူတို့ လူ့ဘ၀က လုပ်ခဲ့တဲ့ ကောင်းမှုတွေရဲ့အကျိုးကို နတ်ပြည်မှာ ခံစား၊ စံစားပြီးပြန်တော့ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရယူခဲ့တဲ သူတို့ရဲ့ ကုသိုလ်တွေအတွက် သူတို့စုတေပြီးတဲ့အခါမှာ တိရစ္ဆာန်ဘ၀ကို တစ်ဖန်ပြန်လည်ရောက်ကြရဦးမှာကို နတ်တို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ သိနေတာကြောင့် သူတို့နတ်နှစ်ပါးလုံးရဲ့မျက်နှာ မကောင်းကြဘူး။ ဒါနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မေးမိကြတယ်။

" ကိုဒေ၀.. မျက်နှာမကောင်းပါလား "

" ဟုတ်တယ် ကိုကာသရဲ့။ ခင်ဗျားက ကျုပ်သာမေးတယ်.. ခင်ဗျားလည်း မျက်နှာမကောင်းလှပါလား "

" ဟုတ်တယ် ကိုဒေဝရေ..။ ကျုပ်ကဒီဘ၀မှာ စုတေပြီးရင် ကျီးကန်းကြီး ဖြစ်မယ်တဲ့ဗျ..။ စိတ်ညစ်ချက်ကဗျာ

ဒီတော့ ကိုကာသက...

" အမယ်လေး ကိုဒေ၀ရယ်.. ခင်ဗျားက ကျီးကန်းဘဝရောက်မှာကို စိတ်ညစ်နေတယ်ဆိုတော့..။ ကျုပ်အဖို့ ပြောစရာစကားတောင် မရှိတော့သလိုပါဘဲ "

" ဟုတ်လား... ဒါနဲ့ ခင်ဗျားကရော ဘာဖြစ်မှာမို့လို့လဲ..။ ပြောစမ်းပါဦးဗျ.."

" ဟုတ်တယ်ဗျာ..။ ကျုပ်က သေပြီးရင် ခင်ဗျားထက်ကို ဆိုးတယ်။ ကျုပ်က မစင်တွင်းထဲက လောက်ဖြစ်မှာတဲ့ဗျ "

ကိုကာသက မျက်နှာလေး ရှုံ့မဲ့လျှက်က..

" ခင်ဗျားသိသားနဲ့.. ကျုပ်ဘယ်လောက် အသန်အပြန့်ကြိုက်တယ်ဆိုတာ..။ ကျုပ်ဖြင့်တွေး..တွေးမိရင်း ဒီ.. မစင်ထဲက လောက်ကောင်ဖြစ်ရမယ့် ကျုပ်ရဲ့ဘဝြကီးကို တွေးတွေးမိပြီး ရွံရှာအော့နှလုံးနာလိုက်တာဗျာ ..။ "

" အေးဗျာ.. ဒါဆို ကျုပ်ရဲ့ကျီးကန်းဘ၀ကမှ ခင်ဗျားထက် အပုံကြီးတော်သေးတယ်ဆိုရမယ်။ ကျုပ်တို့နှစ်ယောက် ဘဝြခားသွားပေမယ့် အခုလိုပဲ ခင်မင်ခွင့် ဆက်ပြီး ရနေချင်ပါသေးတယ်ဗျာ။ ကျီးကန်းဘ၀နဲ့ ခင်ဗျားကို ကူညီဖို့ အခွင့်အရေးများရရင် လက်မနှေးပဲ ကူညီပေးပါရစေ "

" ဟာ.. ဒါဆိုအတော်ပဲ။ ကျုပ်လည်း ခင်ဗျားဆီက အကူညီတောင်းဖို့ အားနာနေလို့။ ဒါဆို ခင်ဗျား.. ကျုပ်ကို တစ်ခု ကူညီဗျာ.. "

" စိတ်ချ။ ကျုပ်ကူညီမယ်။ ဘာကို ကူညီရမလဲသာပြောပါ ကိုကာသ"

" ကျုပ်တကယ်လို့ မစင်တွင်းထဲက လောက်တစ်ကောင်ဘ၀ ရောက်ခဲ့ရင် ကျုပ်ရှိရာ မစင်တွင်းကို အရောက်လာလှမ်းခေါ်ပြီး ကျုပ်ရောက်လာတာနဲ့ ခင်ဗျားရဲ့ ချွန်ထက်တဲ့ နှုတ်သီးကြီးနဲ့ ကျုပ်ကို ဘ၀ကူးသွားအောင် အမြန်သာ ပေါက်သတ်ပြီး ဘ၀တုံးပေးစမ်းပါဗျာ။ ဒီလောက် စက်ဆုတ်ဖွယ်ရာကောင်းတဲ့ မစင်တွင်းထဲမှာ လောက်တစ်ကောင်ဘ၀နဲ့ သက်ဆိုးမရှည်ချင်တော့ပါဘူး။ အမြန်ဆုံးသာ နောက်တစ်ဘ၀ ကူးပြောင်းလိုက်ချင်ပါရဲ့။ မဖြစ်မနေ ကူညီမယ်လို့ ဂတိပေးဗျာ။ "

ကိုဒေ၀လည်း " ခင်ဗျားစိတ်တိုင်းကျ ဖြစ်ရပါစေ့မယ် " လို့ ဂတိပေးလိုက်လေတယ်။

ဒီလိုနဲ့ သူတို့နတ်နှစ်ပါး စုတေပြီးတဲ့အခါမှာ ကြိုမြင်ထားတဲ့အတိုင်း ကိုဒေ၀က ကျီးကန်းဘ၀ကိုရောက်သွားပြီး ကိုကာသက မစင်တွင်းထဲက လောက်တစ်ကောင်ဖြစ်သွားလေတယ်။ ဒါနဲ့ ကျီးကန်းလည်း ဂတိအတိုင်း ငါ့သူငယ်ချင်း လောက်ရှိနေတဲ့ မစင်တွင်းဆီသွားဦးမှဆိုပြီး မစင်တွင်းနားက သရက်ကိုင်းပေါ်မှာ သွားနားပြီး တအအနဲ့ အသံပေးလေတယ်။ တစ်ခါအသံပေးလည်း ထွက်မလာ..။ နှစ်ခါအသံပေးလည်း ထွက်မလာနဲ့။ ဒါနဲ့ ခုနှစ်သံချီနဲ့ တအအကို ကုန်းအော်လေတော့မှ သူငယ်ချင်း လောက်ကောင်က ကြားတော်မူပြီး သွားကြီးဖြီးကာ မစင်တွင်းထဲကနေ ခေါင်းလေးပြူပြီး တက်လာလေတော့တယ်။

" ဟာ.. ကိုဒေဝြကီးပါလားဗျ "

" ဟုတ်တယ်။ ခင်ဗျားကို ပေးခဲ့တဲ့ ဂတိအတိုင်း ခင်ဗျားကို ပေါက်သတ်ဖို့ လာခဲ့တာ "

ဒီတော့ လောက်ကောင်တစ်ဖြစ်လဲ ကိုကာသက မစင်တွင်းထဲကနေ စပ်ဖြည်းဖြည်းနဲ့ ပြောလိုက်ပုံက..

" ဟီး... ကျုပ်တော့ ဒီမစင်တွင်းထဲက ဘ၀တူ လောက်ကောင်တွေကြားမှာ ပျော်နေပြီဗျ.. သေချင်တော့ဘူး...ဟူး... " တဲ့။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

#Credit_Doemyanmar

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်