ဖြတ်ထိုးဥာဏ်”

“ဖြတ်ထိုးဥာဏ်”
အခါတစ်ပါး၌ ရွာတစ်ရွာတွင် အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်ရှိလေ၏။ သူ့တွင်ကူဖော်လောင်ဖက်လည်း မရှိချေ။
ထိုအပျိုကြီးမှာ ကိုယ်ပိုင်အိမ်ကြီးတစ်လုံး၌ တစ်ကိုယ်တည်းနေရသောကြောင့် ညအချိန်တွင် အိမ်အနီးနားမှ သူငယ်မလေးများကို ခေါ်၍ အိပ်ရလေသည်။
တစ်ည၌ အဖော်မိန်းကလေးများ အိပ်ရန်မလာသေးမီ ထိုအပျိုကြီးအိမ်သို့ လူတစ်ယောက်ကပ်လာလေသည်။ အပျိုကြီးမှာ အသံကြားသဖြင့် တစ်စောင်းက ချောင်းမြောင်းကြည့်ရှုရာ သူခိုးဖြစ်ကြောင်းကို အတပ်သိ၍ တစ်ကိုယ်တည်းဖြစ်နေသောကြောင့် ကြောက်ရွံ့မိလေသည်။ အော်လျှင်လည်း သူခိုးထွက်ပြေးသွားသောကြောင့် ဖမ်းမမိပဲနေမည်.။ မအော်ပဲနေပါကလည်း မရှိမဲ့ရှိမဲ့စုဆောင်းထားသော မိမိပစ္စည်းများ ပါသွားတော့မည်။
ထို့ကြောင့်မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားမရပဲ အကြံရ အတော်ခက်နေလေသည်။ တစ်အောင့်ကြာမှ သူခိုးအားလက်ရဖမ်းဆီးရန် အကြံတစ်ခု ရသွားလေသည်။
ထို့ကြောင့် သူသည် ရုတ်တရက်ပြောလိုက်လေသည်။
"ဟဲ့...ကလေးမတို့၊ ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ်၊ နားထောင်မလား"
ထို့နောက် အပျိုကြီးကပင် အသံကိုဖျက်၍
" ဟုတ်ကဲ့..နားထောင်ချင်တယ် ..ပြောပြပါ"
ဟု ဆိုလေ၏။ ဒါဆိုနားထောင် ပြောပြမယ်...
"ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်၊ တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေ့ါ... သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်...ပို့ပေးနိုင်မလားမေးတာပေ့ါ... လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်။ ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေးသွားတောင်းတာပေ့ါ..။"
အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်နေလေသည်။ အဲအပျိုကြိး ပုံပြင်ပြောနေတာကို သူခိုးကလည်း နားထောင်နေလေသည်။ အပျို ကြီးလည်း ဆက်၍ ပြောပြလေသည်။
"မိန်းမကြီးက သူ့ကိစ္စပြီးလို့ပြန်လာတယ်။ ချောင်းကိုဖြတ်မယ်လည်းလုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကိုပြန်ရောက်နေတာတွေ့လိုက်တယ်တဲ့...အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေ့ါ...။ အင်း...ခက်တယ်ကွဲ့..ကလေးမရဲ့"
"အင်း"
ဟု ကလေးမ ပြောသည့်အသံဖြင့် ဆိုလိုက်သည်။
"အဲမိန်းမကြီးစီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် ။ ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ ... ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေ့ါ... ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ငါတင်တယ်နဲ့ စကားတွေများနေကြတော့တာပေ့ါ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြောလိုက်တယ်။ ကဲ...ကဲ... နှစ်ယောက်လုံး ပိုက်ဆံရအောင် နှစ်စီးလုံးကို ငါစီးမယ် ...လှေချင်းကပ်ကြလို့ ပြောတာပေ့ါ...လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ် ..အဲတော့ မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွားတာပေ့ါ။ ကမ်းနားလည်းရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း အာကာယံကျွမ်းပြန်သွားပြီး..."အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ၊ သေရချေရဲ့လေး "လို့ အော်တာပေ့ါ...။
ထိုသို့ပြောပြီး အပျိုကြီးမှ သူခိုးအားချောင်းကြည့်ရာ ရှိနေသေးသည်ကို တွေ့သဖြင့် အသံကိုထပ်မြှင့်ပြီ
"အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ၊ သေရချေရဲ့လေး"
ဆိုပြီး အဆက်မပြတ် အသံကုန်ဟစ်ပြီး အော်နေတော့တယ်။ ပုံပြင်ပြောရင်း အသံကျယ်ကျယ်နဲ့ အော်ပြနေတဲ့ မိန်းမကြီးရဲ့ အသံကိုနားထောင်ပြီး သူခိုးလည်း အူလှိုက်သည်းလှိုက် ရယ်နေတော့တာပေ့ါ အဲအချိန်မှာပဲ...ဒီအပျိုကြီးရဲ့အော်သံကိုကြားလို့ ရွာသူရွာသားတွေလည်း လက်နက်ကိုယ်စီကိုင်ပြီး ရောက်လာကြတော့တာပေ့ါ...ဒါကို သူခိုးက မရိပ်မိသေးပဲ ထွက်မပြေးတဲ့အတွက်ကြောင့် ရွာသူရွာသားတွေလည်း သူခိုးကို လက်ရ ဖမ်းမိသွားတော့တယ်..။
Credit
ဟာသပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်