ပန်းပု ပုံပြင်
တစ်ခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။ သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်၀င်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။
ဒီတော့ တပည့်လက်သားအဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။
ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်ကမေးတယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက........
“ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။ မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ”
ပုံပြင်က အဲ့ဒီနားပဲ လတ်စသတ်သွားတာ။ ကိုယ့်ကို တည့်တည့် လာပြောသလိုချည်းကို တည့်ကြီး ခံစားလိုက်ရတာက “ကိုယ် ဘာဖြစ်ချင်တာလဲ။ အရင်ဆုံး ကိုယ် ဘာဖြစ်ချင်တာလဲဆိုတာ ကို သေချာ အောင်လုပ်။ ဖြစ်ချင်တဲ့ အစိတ်အပိုင်းကလွဲရင် ကျန်တာတွေ၊ မလိုအပ်တဲ့ အရာတွေကို စိတ်ပြတ်ပြတ် သားသားနဲ့ပဲ ဖယ်ထုတ်ပစ်လိုက်ပေတော့” ဆိုတဲ့ အတွေး။
တခါ တလေကျတော့လည်း ကိုယ့်ဘ၀ထဲကနေ ဘယ်လိုအရာတွေကို ဖယ်ထုတ်ပစ်ရမလဲ ဆိုတာ ကိုတော့ သိပေမယ့် အထုတ်ရခက်၊ အထွင်ရ ခက်နေတတ်ပါသေးတယ် ။ အားနာစိတ်တွေလား၊ မခံချင် စိတ်တွေလား၊ သံယောဇဉ်တွေလား၊ တွေဝေ စိတ်တွေလား။ ဘာဆို ဘာမှန်းမသိတော့ အခု အချိန်မှာ ပီပီပြင်ပြင် မဖြစ် သေးတာက ဘယ်ဆန်းမလဲ။
ဒီအကြောင်း ကို သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်တော့ သူက ပြန်ပြောတယ်။ “လူတစ်ယောက်ရဲ့ ဘ၀မှာ သူလိုချင်တဲ့အရာ ကို ရဖို့ မဖြစ်မနေ ဖယ်ထုတ်ရမယ့် အပိုင်းမှာ အချစ် ပါခဲ့ပြီဆိုရင် အဲ့ဒီ လူက ပျော်နိုင်ပါ့ မလား”တဲ့ ။ ကိုယ် ရေရေရာရာ မသိတဲ့ မေးခွန်းမို့ နှုတ်ဆိတ်နေလိုက်မိတယ်။
#တစ်ကယ်ဆိုကိုယ့်အသွေးအသားကိုကိုယ်တိုင်ပြန်ပြီးထွင်းထုရတဲ့ပန်းပုပညာကအခက်ဆုံးပဲ။
Credit : နှင်းနုလွင်
Comments
Post a Comment