သေမင်း ပုံပြင်(ရခိုင်ပုံပြင်)

သေမင်း ပုံပြင်(ရခိုင်ပုံပြင်)

ရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်ဆင်းရဲနွမ်းပါးလှတဲ့ လူတစ်ယောက်ဟာ ဆင်းရဲဒုက္ခကိုမခံနိုင်တာနဲ့ လူလောကကြီးကို ငြီးငွေ့ပြီး သေချင်တယ်လို့ သေမင်းကို လိုက်ရှာနေတယ်။ လူတွေ့တိုင်း သေမင်းဘယ်မှာရှိသလဲ မေးနေတော့တယ်။ အမေးခံရသူတွေကလည်း သူ့ကို အရူးတစ်ယောက်လို့ ယူဆကြပြီး ဘာမှ မပြောကြဘဲ ရှောင်ဖယ်သွားကြတယ်။
ဒီလို လူအများက သူ့ကို ရှောင်ဖယ်သွားကြတာဟာ သူအလွန် ဆင်းရဲနွမ်းပါးလို့ အဖက်မတန် လူရာမသွင်းလိုတဲ့ သဘော လုပ်ကြတာပဲ လို့ အောက်မေ့ပြီး လူတွေနဲ့ ရောရော နှောနှော မနေချင်တော့ဘဲ စိတ်အပျက်ကြီး ပျက်ပြီး ရွာကပါထွက်လာခဲ့တယ်။ လူသူကင်းမဲ့တဲ့ နေရာဒေသတွေကို လျှောက်ပြီး သွားလာရာက ပင်လယ်ကမ်းခြေတစ်ခုကို ရောက်လာတယ်။ ဒီပင်လယ်ကမ်းခြေမှာ သေမင်းတော့ ရှိတန်ကောင်းရဲ့ဆိုပြီး သေမင်းကိုတွေ့အောင် လိုက်ရှာနေတော့တယ်။
တစ်နေ့တော့ (ဝါကြီး) အဖိုးအိုကြီးတစ်ယောက်ဟာ (တောင်မွှီး) တောင်ဝှေး တစ်ချောင်းကို ထောက်ပြီး သူ့ဆီလျှောက်လာတာကို တွေ့ရတယ်။ အနားရောက်တော့ (သငယ် ဇားကိုလားရောင်)
“ လူကလေး ဘယ်ကိုသွားမလို့လဲ ” လို့အဖိုးအိုကမေးလို့ “ဆင်းရဲဒုက္ခရောက်လွန်းလို့ လောက
ကြီးမှာ မနေချင်တာနဲ့ သေမင်းကို လိုက်ရှာနေတယ်” လို့ ပြန်ပြောလိုက်တယ်။

အဖိုးအိုဟာ လူငယ်ရဲ့စကားကိုကြားတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး “ လူကလေး မင်းဟာ အတော်ရူးတဲ့သူငယ်ပဲ ” လို့ပြောလိုက်တယ်။ ဒီစကားကို ကြားတော့ လူငယ်ဟာ စိတ်ပျက်ပြီး လှည့်ထွက်သွားတယ်။ အဖိုးအိုက သူငယ်လက်ကို လှမ်းဆွဲ လိုက်ပြီး “ နေပါဦးကွယ် သွားတော့မလို့လား၊ မင်းတွေ့ချင်နေတဲ့ သေမင်းက ငါပဲကွ ” လို့ပြောတယ်။
“ ဒီလိုဆိုရင် အရှင်သေမင်း ကျွန်တော့ကိုကြည့်ပြီး ဘာ့ကြောင့် ရယ်နေတာလဲ၊ ကျွန်တော့ ကိုသတ်ပါတော့လား၊ ကျွန်တော်သေချင်နေတာ ကြာလှပါပြီ၊ ” လို့ ပြန်ပြောလိုက်ပါတယ်။
သေမင်းလည်း လူငယ်ကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်ပြန်ပြီး “ လူကလေး…မင်းဟာ အခုသေချင်နေပေမယ့် သေနေ့မရောက်သေးလို့ မသေနိုင်သေးဘူးကွယ့်၊ သေနေ့ရောက်ရင် မင်းမသေချင်သေးလို့ ပုန်းနေပေမယ့် မလွတ်နိုင်ဘူးကွယ့်၊ သေရမှာ မုချပဲ ” လို့သေမင်းက ပြောလိုက်တယ်။
“ ဒီလိုဆိုကျွန်တော် ဘယ်နေ့လောက်မှာ သေနေ့ကို ရောက်ပြီး သေရမှာလဲ၊ အမိန့်ရှိပါ အရှင်သေမင်း ” လို့ မေးပြန်တယ်။ သေမင်းက မင်းဒီနေရာကထွက်သွားပြီး ၇ ရက်စေ့တဲ့နေ့မှာ သူဋ္ဌေးဖြစ်လိမ့်ဦးမယ်၊ သူဋ္ဌေးဖြစ်လို့ ဆယ် နှစ်ပြည့်တဲ့နေ့မှာ မင်းမုချသေရမယ် ” လို့ ပြောပြီးနောက် သေမင်းက လေးတစ်စင်းနဲ့ မြှားစူး ဆယ်ချောင်း ပေးလိုက်တယ်။ ဒီလေးနဲ့မြှားစူးကို မင်းအလိုရှိသလို အသုံးပြုနိုင်တယ် ” လို့ ပြောပြီး ပျောက်သွားတယ်။
လူကလေးဟာ အဖိုးအိုပေးလိုက်တဲ့ လေးတစ်စင်းနဲ့ မြှားစူးတွေကို ယူပြီး ထွက်လာခဲ့တာ လမ်းခရီးမှာ ထမင်းမစားရတာ ၂ ရက်ရှိပြီး ဆာကလည်း ဆာလှတာနဲ့ အနီးအနားမှာ လိုက်ကြည့်တဲ့အခါ ငှက်တစ်ကောင်ကိုမြင်လို့ လေးနဲ့ ပစ်ချလိုက်တယ်။ ငှက်ဟာ ရိုးရိုးငှက်မဟုတ်ဘဲ ရွှေငှက် ဖြစ်နေတာကို တွေ့ရတယ်။
လူကလေးဟာ ဝမ်းသာအားရနဲ့ ရွှေငှက်ကို ပိုက်ပြီးထွက်လာခဲ့တယ်။ မကြာခင်မှာ မြို့တစ်မြို့ ကိုရောက်လာတယ်။ ဒီမြို့ကလေးမှာ နေရာကောင်းကောင်းတစ်ခုကို သူရလာတဲ့ ရွှေငှက်နဲ့လဲယူပြီးနောက် ဒီနေရာမှာပဲ သူအလိုရှိတဲ့ အိမ်တစ်ဆောင်၊ ရွှေ ငွေ အပြည့်နဲ့ ခုချက်ခြင်းရောက်စေလို့ အမိန့်ပေးပြီး မြှားတစ်ချောင်းကို လေးနဲ့ ပစ်လိုက်တဲ့အခါ ချက်ချင်း အိမ်တစ်ဆောင် ရွှေ ငွေ ပစ္စည်း အပြည့်အစုံနဲ့ ဖြစ်လာပြီး သူလည်းချက်ချင်း သူဋ္ဌေးဖြစ်သွားတယ်။
ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ချမ်းသာ အခြွေယံသင်းပင်းများနှင့် ပျော်နေလိုက်တာ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတာလည်း သူမသိလိုက်၊ အဖိုးအိုပြောခဲ့တဲ့စကားများကိုလဲ လုံးလုံးသတိမယတော့ဘဲ အပျော်အပါး စည်းစိမ် ခံစားမှုများနဲ့သာ အချိန်ကုန်နေတော့တယ်။
ဒီလိုနဲ့ ကိုးနှစ် ခုနှစ်လ ပိုင်းရောက်လာတော့ တစ်နေ့မှာ သူအိပ်ပျော်နေတုန်း သူဋ္ဌေးဘဝကို မရောက်ခင်က သေမင်းနဲ့ တွေ့ခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြီး အိပ်မက်မက်လာလို့ သူလည်း ကြောက်ကြောက် လန့်လန့်နဲ့ အိပ်ယာက နိုးလာပြီး “အခုမင်းသေချင်ပေမယ့် မသေသေးဘူးကွယ့်၊ မင်း ဒီကထွက်သွားရင် သူဋ္ဌေးဖြစ်ရလိမ့်ဦးမယ်၊ သူဋ္ဌေးဘဝနဲ့ ဆယ်နှစ်စေ့တဲ့နေ့မှာ မင်းသေရလိမ့်မယ်။” လို့ သေမင်းက ပြောပြသွားတာကို ခုမှ ပြန်ပြီး သတိရလာတယ်။ ဒီတော့ သူဋ္ဌေးစည်းစိမ် ကို ခံယူခဲ့တဲ့ နေ့ရက်တွေကို ပြန်ပြီး စဉ်းစားကြည့်တော့ ဆယ်နှစ်ပြည့်ဖို့ နောက် သုံးလ ပဲ လိုတော့တာကို တွေ့ရတယ်။ ဒါကြောင့် ဒီသုံးလပြည့်ရင် သူတကယ်သေရတော့မှာပဲ ဆိုပြီး သိပ်ကြောက်ရွံ့ စိုးရိမ်နေမိတယ်။ ဒါနဲ့ မနက်မိုးလင်းတော့ တပည့်တွေကို ခေါ်၊ သူ့အတွက် ရေလုံတဲ့ သေတ္တာ တစ်လုံး ကိုအမြန်လုပ်စေပြီး ဒီသေတ္တာထဲမှာ မပုပ် မသိုးတဲ့ အစား အစာများသုံးလ အတွက် အလုံအလောက် ပြည့်စုံအောင် အထည့်ခိုင်းလိုက်ပြီး သေတ္တာကို ပင်လယ်ကမ်းခြေရှိရာကို ယူဆောင်သွားတယ်။

ပင်လယ်ကမ်းခြေရောက်တော့ တပည့်တွေကို “ ငါ ဒီသေတ္တာထဲ ဝင်ရင် မင်းတို့ အပြင်ကနေ သေတ္တာကို လုံအောင်ပိတ်ပြီး အလွန်နက်တဲ့ ပင်လယ်ရေအောက်ထဲ ချထားလိုက်ပါ။ ဒီနောက် ကမ်းပေါ် ကနေပြီး သေတ္တာကို အလွယ်တကူနဲ့ ဆွဲတင်လို့ မရအောင်လည်း ကြိုးရှည်ရှည် ကောင်းကောင်းတစ်ပင် သေတ္တာကို ချည်ထားရမယ်။ ဒီကနေ့က စပြီး နောက်သုံးလကျော်လွန်ရင် မင်းတို့ ဒီသေတ္တာကို ကမ်းပေါ်ရောက်အောင် ဆွဲတင်ရမယ်။ ” လို့ ယုံကြည်ရတဲ့ တပည့်တွေကို အကြိမ်ကြိမ် မှာထားပြီး သူလည်း သေတ္တာထဲကို ဝင်သွားတော့တယ်။
တပည့်တွေကလည်း သူမှာတဲ့အတိုင်း သေတ္တာကို ပိတ်လိုက်ကြ ပြီး ကြိုးရှည်ရှည် တစ်ပင်နဲ့ သေတ္တာကို ချည်နှောင်လိုက်ကြတယ်။ ဒီနောက် အလွန်နက်တဲ့ ပင်လယ်ရေအောက်ထဲ သေတ္တာကြီးကို ချထားလိုက်ကြတယ်။ ကြိုးစကိုတော့ ကမ်းစပ်ပေါ်ရှိ သစ်ပင်တစ်ပင်မှာ ချည်နှောင်ထားလိုက်ကြတယ်။
သေမင်းလည်း လူ့ပြည်လူ့ရွာ က သေမယ့်သူများရဲ့ စာရင်းကို ကြည့်တဲ့အခါ သူဋ္ဌေးလေးအလှည့် ရောက်နေတာကို တွေ့ရတယ်။ သေမင်းက ( သြော်…ဒေသူငယ်အလှည့် ရောက်နိန်ယာဂေါ၊ ငါနဲ့ တွိကပ် ရခန်း သိမ်းမလား လေ ) “ သြော်….ဒီသူငယ်အလှည့် ရောက်နေတာကိုး၊ ငါနဲ့ ဒီတစ်ချီ တွေ့ကြသေးတာပေါ့ ” လို့ သေမင်းက ကြိမ်းဝါးပြီး သူဋ္ဌေးလေးကို ရှာဖို့ လူ့ပြည် လူ့ရွာ ကိုထွက်လာခဲ့တယ်။
သေမင်းဟာ တစ်မြို့ပြီး တစ်မြို့မှာ တစ်အိမ်းပြီး တစ်အိမ် လျှောက်ရှာတာ သူဋ္ဌေးကို မတွေ့ဘူး။ ဒါနဲ့ မြို့ကလေးတွေ တစ်မြို့ပြီး တစ်မြို့ တစ်အိမ်ပြီး တစ်အိမ် ရှာပြန်တယ်။ ဒါလည်းမတွေ့ဘူ။ သေမင်းလည်း အတော်စိတ်ပျက်သွားပြီး သေမည့်သူများစာရင်းကို ပြန်ကြည့်တဲ့အခါ သေမယ့်သူများစာရင်းမှာ သူဋ္ဌေးလေး အတိအကျပါနေတာ ကိုတွေ့ရပြန်တယ်။
ဒါနဲ့ တောရွာ တစ်ရွာပြီး တစ်ရွာ လှည့်ပြီး တစ်အိမ်ပြီး တစ်အိမ် အနှံ့ အပြားလိုက်ရှာပြန်တယ်။ ဒါပေမယ့် မတွေ့ဘူး။ သေမင်းအခက်တွေ့နေပြီ။ ဒါကြောင့် တော တောင် မြိုင်ယံ အရပ်ရပ်ကို မောကြီး ပမ်းကြီး နဲ့ မနားမနေ လိုက်ရှာနေရတော့တယ်။ သူဋ္ဌေးကလေး သေရမယ်ဆိုတဲ့ရက်က နီးလာပြီး ၂ ရက်ထဲသာ လိုတော့တယ်။ သေမင်းကတော့ မလျှော့ဘူး။ ကြိုးစားပမ်းစား ရှာနေတာပဲ။ ဒါပေမယ့် ဘယ်မှာမှ ရှာမတွေ့ဘူး။
သေမင်းလည်း စိတ်အပျက်ကြီးပျက်ပြီး လက်မှိုင်ချရမလို ဖြစ်နေတော့တယ်။ ဒီလိုနဲ့ မောမော ပမ်းပမ်း လျှောက်လာလိုက်တာ ပင်လယ်ကမ်းခြေတစ်ခုကို ရောက်လာတယ်။ ဒါနဲ့ အမောအပမ်း ဖြေဦးမယ်၊ ခြေလက်ဆေးဦးမယ် ဆိုပြီး ကမ်းစပ်ကို ဆင်းသွားတဲ့အခါ ကြိုးတန်းတစ်ခုကို ခြေထောက်နဲ့ တိုက်မိပြီး လဲကျသွားတယ်။
သေမင်းလဲ စိတ်ဆိုးဆိုးနဲ့ကြိုးကိုဆွဲလိုက်တဲ့အခါ ကြိုးကအတော်ရှည်လို့ ဖြေးဖြေးချင်း ဆွဲတင်နေရတယ်။ မကြာခင် ကြိုးဆုံးသွားပြီး သေတ္တာကြီးတစ်လုံး ပေါ်လာတယ်။ သေမင်းလဲ ထူးဆန်းတဲ့ သေတ္တာကြီးကို အံ့သြ ငေးမော ကြည့်နေမိပြီး သေတ္တာကြီးကို ဖွင့်ကြည့်လိုက်တဲ့အခါ သူဋ္ဌေးလေးကို သေတ္တာ ထဲမှာတွေ့ရတော့တယ်။
သေမင်းက ဒေါသထွက်ထွက်နဲ့ “ ဟေ့ကောင် … မင်းက ဒီလိုပုန်းနေလို့ လွတ်မတဲ့လား။ ငါလိုက်ရှာရတာ ဖတ်ဖတ် ကိုမောလို့၊ လိုက်ခဲ့စမ်း။” လို့ အမိန့်ပေးလိုက်တဲ့အခါ သူဋ္ဌေးလေးဟာ ကြောက်ကြောက် လန့်လန့်နဲ့ သေတ္တာထဲက ထွက်လာပြီး သေမင်းကို တောင်းပန်ဝန်ချလိုက်တယ်။ နောက်ပြီး “ အရှင်သေမင်း ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ ကျွန်တော်ရဲ့ စည်းစိမ်တစ်ဝက် ခွဲပေးပါ့မယ် ” လို့ ပြောလိုက်တယ်။သေမင်းက “ ငါ တစ်ခါက ပြောပြီးပြီ မဟုတ်လား။ ချက်ချင်းသေချင်တယ် ဆိုပေမယ့် သေနေ့ မစေ့သေးရင် မသေနိုင်သေးဘူး။ သေနေ့ စေ့ရင်တော့ မသေချင်ပါဘူးလို့ တောင်းပန်ပြီး ပြောလို့မရဘူး။ နောက်နောက် က ပြုခဲ့တဲ့ ကံ ~ ကံရဲ့ အကျုိးအတိုင်း ဖြစ်ရမှာပဲ ” လို့ပြောလိုက်တယ်။
သူဋ္ဌေးကလေးက အမျိုးမျိုးတောင်းပန်ပေမယ့် မရ၊ သေမင်းဟာ ဘယ်သူ့ကိုမှ အချိန်ပို မပေးတဲ့ နည်းတူ တစ်ချိန်က ချက်ချင်းသေချင်လှပြီး အခု မသေချင်တော့တဲ့ သူဋ္ဌေးကလေး ကိုလည်း ချမ်းသာမပေးတော့ဘူး။

ဥပဒေသ။ ။ လောကမှာ သေခြင်းတရားကို ပုန်းရှောင်ထွက်ပြေးလို့ မလွတ်နိုင်။ တစ်နေ့ သေရမှာ မလွဲဧကန်ဖြစ်တယ်။

လူထုဦးလှ ၏ တိုင်းရင်းသားပုံပြင်များ စာအုပ်မှကူးယူဖော်ပြသည်

ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်