တစ်ဖက်လပ်
တစ်ခါက ကုလားအုတ်အမေကြီးဟာ သူ့သားနဲ့ အတူ သဲကန္တာရထဲမှာ သောက်စရာရေနဲ့ စားစရာ မြက်ချိုလေးတွေ ရှာဖို့ထွက် လာ ခဲ့တယ်။ သားဖြစ်သူ ကုလားအုတ်လေးက အမေရှာဖွေ ကျွေးတာသာ အခုအချိန်အထိစားနေခဲ့သူ၊ တစ်ခါမှ အစာရှာမထွက်ဘူးသူ ဆိုတော့ ပထမဦးဆုံး အကြိမ် လမ်းမှာ အမေဖြစ်သူကို ခုလိုမေးလိုက်တယ်။
” မြက်ပင်လေးတွေနဲ့ သောက်စရာရေက ဘာတွေနဲ့ တူသလည်း အမေ။ ကျွန်တော်လည်း အမေနဲ့ အတူဝိုင်းရှာပေးပါ့မယ် “
ဒီတော့ ကုလားအုတ် အမေကြီးက ” ရေဆိုတာက ဟိုးက ကောင်းကင်ပြာကြီးနဲ့ တူတယ်။ ပြာလဲ့တဲ့အရောင်အသွေး ရှိတယ်။ ကြည်လင် သန့် စင် တယ်။ အဲ.. မြက်ပင်တွေကြတော့ စိမ်းစိုတယ်။ လတ်ဆတ်တယ်။ ချိုမြတဲ့ အရသာရှိတယ်ကွဲ့။
ဒီလိုနဲ့ သဲကန္တာရထဲမှာ စားစရာ ရေနဲ့မြက်ကို ရှာလာခဲ့တာ တစ်ရက်နဲ့ တစ်ညရှိလာပြီးတဲ့နောက် သားဖြစ်သူ ကုလားအုတ်လေးက ရုတ်တရက် သူတို့သွားနေတဲ့ သဲကန္တာရရဲ့ ဘယ်ဘက်စွန်းစွန်းကို ကြည့်လိုက်ပြီး အံ့သြ ၀မ်းသာစွာ အော်လိုက်တယ်။
” အမေ.. ကြည့်စမ်း.. ဟောဟိုမှာ ရေနဲ့ မြက်တွေ။ ရေကလည်း ကြည်လင်နေတာဘဲ။ မြက်ပင်လေးတွေကလည်း စိမ်းနေလိုက်တာ။ အမေ ကျွန်တော့်ကို ရှာကျွေးနေကြ အတိုင်းဘဲဗျ.. “
” အဓိပ္ပါယ်မရှိတာ မပြောနဲ့.. သား။ အမေတို့ရဲ့ မြင်နေရတာကာ တပြန့်တပြောရှိနေတဲ့ သဲကန္တာရကြီးဘဲ။ မင်း မျက်လုံးက မတွေ့ဘူးလား ” လို့ပြောလိုက်တယ်။
ဘာလို့ ကုလားအုတ်အမေကြီးက အဲ့ဒီလိုပြောသလဲဆိုတော့ သူ့ရဲ့ဘယ်ဘက် မျက်လုံးက မွေးထဲက ကွယ်နေရှာတာကိုး သူကိုယ်တိုင်မသိရှာဘူး။ ဒီတော့ သူရဲ့ ညာဘက် မှာသာရှိနေတဲ့ အဆုံးအစ မရှိတဲ့ ရွှေဝါရောင် သဲပြင်ကြီးကိုသာ သူကမြင်နိုင်ရှာတာပေါ့။
သားဖြစ်သူ ကုလားအုတ်လေးလည်း အမေ့စကား မလွန်ဆန်ချင်တော့ မချင့်မရဲနဲ့ သူ့အမေနောက် ဆက်လိုက်ခဲ့ရတယ်။ ဒီလိုနဲ့ နောက်ထပ် တစ်ညနဲ့ တစ်ရက် ဆက်ခရီးသွားပြီးတဲ့ အခါမှာတော့ သားဖြစ်သူ ကုလားအုတ်လေးဟာ ဒုတိယ အကြိမ်မြောက် အိုအေစစ် တစ်ခုကို ဘွားကနဲ ထပ်မံတွေ့လိုက်ရပြန်တယ်။ ဒီတစ်ခါလည်း သူဘယ်လို ကြိမ်တွယ်ပြော ပေမယ့် သူ့အမေကတော့ သူအိုအေစစ်တစ်ခု ထပ်တွေ့ တယ်ဆိုတာကို မယုံကြည်ပြန်ပါဘူး။ သူမရဲ့ တစ်ဘက်ထဲမြင် နေရတဲ့ ညာဘက်မျက်လုံးလေးကိုသာ မှိတ်တုတ်မှိတ်တုတ် လုပ်ပြီးတော့ ချက်ခြင်း ခွန်းတုန့်ပြန် လိုက်ပြန်တယ်။
” မဟုတ်ဘူးသား။ ဒါဟာ အိုအေစစ် မဟုတ်ဘူး။ ဒါဟာ သဲကန္တာရလို့ ခေါ်တယ်။ ငါက မင်းအမေပါ။ ငါပိုသိတာပေါ့။ ငါမမှားပါဘူး သားရဲ့ ” လို့ ပြော လိုက်တယ်။
သားဖြစ်သူ ကုလားအုတ်ငယ်လည်း ဒီတစ်ခါမှာတော့ နည်းနည်းတင်းလာပြီပေါ့။ သူက နှစ်ညနဲ့ နှစ်ရက်ဆိုတော့ ဗိုက်ကလည်း မတရားကို ဆာ လောင်နေပြီလေ။ ရေရော မြက်ရောတွေ့နေရပါလျှက်နဲ့ နှစ်ကြိမ်ရှိပြီ။ အခွင့်အရေးကို လက်လွှတ်ဆုံးရှူံးခံ လိုက်ရတာကို။ ဒါပေမယ့် အမေဆို တော့လည်း သူက ဘာမှအထွန့်မတက်ချင်ပေမယ့် နည်းနည်းတော့ စိတ်ထဲ ပေါက်ကွဲ ချင်လာမိတာပေါ့။
ဒီလိုနဲ့ ခရီးဆက်သွားရင်း ကုလားအုတ်ငယ်ဟာ တတိယအကြိမ်မြောက် သဲကန္တာရထဲမှာ အိုအေစစ်ငယ်တစ်ခုကို ထပ်မံ တွေ့ ရှိပြန်ပါတယ်။ ဒီတစ်ခါတော့ ကုလားအုတ်ငယ်ဟာ သူ့အမေကို ဘာဆိုဘာမှ အသိမပေးတော့ပါဘူး။ အသိပေး ပြန်ရင် အခွင့်အရေးကို ထပ်ပြီး လက်လွှတ်ရမှာ သူကောင်းကောင်း သိနေပြီလေ။ ဗိုက်ကလည်း ဆာလောင်မွတ်သိပ်၊ ရေကလည်းငတ်နဲ့ ဆိုတော့ အမေကိုအသိမပေးတော့ဘဲ အိုအေစစ် ရှိရာကိုသာ တစ်ဦးတည်း တစ်ဟုန်ထိုး သွားတော့တာပေါ့။
ဒါပေမယ့် ကုလားအုတ်အမေကြီးကတော့ သဲကန္တာရထဲမှာ ဆာလောင်မွတ်သိပ်စွာ၊ ရေငတ်စွာ၊ မောပမ်းစွာနဲ့ တရွေ့ရွေ့ ရှေ့ဆက်ရင်း ..။ သူ့ရဲ့ မြင်ရတဲ့ ညာဘက်မျက်လုံး တစ်လုံးလေးရဲ့ အကူအညီနဲ့ဘဲ အဆုံးအစ မရှိတဲ့ သဲကန္တာရထဲမှာ တစ်ဦးထဲ အိုအေစစ်ကို ရှာဖွေလို့ပေါ့။
လူငယ်တွေဟာ အရွယ်ရောက်လာတဲ့ အခါမှာ စွန့်စားချင်စိတ်၊ စူးစမ်းချင်စိတ်၊ အစွမ်းပြချင်စိတ်တွေ ကိုယ်စီ ရှိတတ်ပါတယ်။ သူတို့ တွေရဲ့ လုပ်ဆောင်မှုကိုလည်း လူကြီးတွေရဲ့ အသိအမှတ်ပြုမှုတာ ခံယူခွင့်ရချင်ကြပါတယ်။ လူငယ်တွေရဲ့ ကိုယ်စွမ်း ကိုယ်စ တွေကို လမ်းဖွင့်ပေး သင့် ပါတယ်။ လူငယ်တွေရဲ့ ရင်ဘတ်ထဲက အသံတွေကိုလည်း နားထောင်ပေးဘို့ အခွင့်အရေးပေး သင့်ပါတယ်။ သူတို့ ပြောတာတွေ ဟုတ်မဟုတ် ကို လည်း အရင် လက်ခံပေးပြီးမှ ဟုတ်မဟုတ် မှန်မမှန် လမ်းကြောင်းပေး သင့် ပါတယ်။ ဒါမှ မဟုတ်ဘဲ တစ်ဖက်လပ် အမြင်ဘဲရှိနေမယ်ဆိုရင်တော့ သစ်ကုလားအုတ်ငယ်လို လူငယ်တွေဘဲ ပတ်၀န်းကျင်မှာ တိုး ပွားလာမှာပါ။ တကယ်တော့ လူကြီး တွေဆိုတာ တစ်ချိန်က လူငယ်တွေ ဖြစ်ခဲ့တာဘဲ မဟုတ်ပါလားရှင်။
Chinese Literature 1979 မှ One-Eyed Camel ကို ခံစားရေးဖွဲ့ပြန်ဆိုပါသည်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
Comments
Post a Comment