အတွေးလွန် ကျွန်ဖြစ်

အတွေးလွန် ကျွန်ဖြစ်
🔍🔍🔍🔍🔍🔍

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက် လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ်။

"ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ် တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ။ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင်ရှိနေတာ။ ဘယ်လိုများ လမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး"

အဲ့ဒါနဲ့ … ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ် …

"ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်းဘယ်လို လမ်းလျှောက်သလဲ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဘယ်လိုမှ တွေမရဘူး ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ"

"ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှ မတွေးဖူးပါဘူး။

ဘာပဲဖြစ်ဖြစ်မေးလာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့။ နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်" ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး တွေးကြည့်နေရောတဲ့ …!

အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများ အတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။

ဒါနဲ့ ဖားကိုပြောတာပေါ့
"မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့ နားလည်လား …! ငါ့ဖာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှမရှိခဲ့ဖူးဘူး။

အခုမင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ။ ဘယ်ခြေထောက်အရင် စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"?

ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ အေးချမ်းနေကြပြီ။ ဒါပေမဲ့ တခြားလူတွေက သူတို့ပြသနာ အသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော။

ဘဝက နေလိ့ုရ စားလိ့ုလောက်ငှနေရင် ဘာမှပူလောင်စရာမရှိဘူး။ တစ်ခြားလူတွေ ဘဝကောင်းစားနေတာမြင်ရော…

ဟိုလူကဒီလိုကောင်းစားနေတာ။ ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ အိမ်ရှိတာ … ကားရှိတာ ရည်းစားချောချောလေး ရှိတာ ဆိုတာတွေလည်း မြင်ရော … ကိုယ့်ဖာသာကိုယ် လျှောက်ပြီးတွေးတော့တာ …! နောက်ဆုံးတော့ သောကတွေက ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေ တော့တာပါပဲ။
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေး လျှောက်လှမ်း သွားပါ သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့ မတွေဝေပါနဲ့။

#လယ်တွင်းသားစောချစ်

Copy from: မိုး မြင့်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်