Gingerbread Man

Gingerbread Man(ဘာသာပြန်ပုံပြင်)
ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။
ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။
ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။
အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။
မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။
ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။
gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။
ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။
gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။
ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။
"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။
gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။
ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။
gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။
gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။
မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။
မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။
မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။
အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံး၀ ရောက်သွားပါတော့တယ်။
ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်