မျောက်ကုန်သည်


တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။ ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။ ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။ မျောက်တစ်ကောင် ၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။ မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ စျေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။ နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။ မြောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။ ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။ "ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ ကျွန်တော် ဂွင်တစ်ခုပေးမယ်။ ကျွန်တော့် ဆရာဝယ်ထားတဲ့မျောက်တွေ တွေ့တယ်မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။ ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။ ၂၀,၀၀၀ တောင်မှမြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။" ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ မျောက်တစ်ကောင်တောင် မကျန်ချေ။ ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာဖြစ်လေသည်။

Comments

Popular posts from this blog

အရိုးသားဆုံးသော လူသားများ

အဖိုးတန်လှပတဲ့ ပုလဲ

ခေါင်းဆောင်ကောင်း