သမီးတို့အတွက် အိပ်ယာဝင်ပုံပြင်များ


===================

သမီးရေ… လူရယ်လို့ဖြစ်လာရင် လူပီသအောင်နေတတ်ဖို့အရေးကြေီးတယ်။ အခုရော လူမပီသဘူးလား မေမေ လူပီသအောင်ဘယ်လိုနေရမလဲဆိုရင် မြတ်စွာဘုရားဟောကြားခဲ့တဲ့ လူတို့စောင့်ထိန်းရမယ့်သီလကို စောင့်ထိန်းရမယ်။ သမီးတို့နေ့စဉ် ဘုရားရှိခိုးရင် ငါးပါးသီလ ယူတယ် မဟုတ်လား။
အဲ့ဒီထဲက ပါဏာတိပါတကံ (သူ့အသက်သတ်ခြင်း) နဲ့ပတ်သက်ပြီး ဒီနေ့ပြောပြမယ်။

သူတပါးအသက်ကို မိမိအသက်ကဲ့သို့ တန်ဘိုးထားနိုင်ရင် သူ့အသက်ကို မသတ်ဖြစ်တော့ဘူးပေါ့။ အသားကို နည်းနည်းလေးခိုက်မိရင်တောင် နာကျင်တတ်တာ အသက်သေတဲ့အထိဆို ဘယ်လောက်နာကျင်လိုက်မလဲနော်… သမီးတို့ ကိုယ်ချင်းစာတတ် ရမယ်နော်… နောက်ပြီး သူတပါးကို နာကျင်စေအောင်လုပ်မိရင် ကိုယ်လည်းပဲ တူသောအကျိုးကို ပြန်ခံစားရလိမ့်မယ်။ ဒါဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုးဆိုတာပဲ…. ။ ချက်ချင်းပြန်ခံရတာရှိသလို အကြောင်းတိုက်ဆိုင်မှ အဆတိုးပြီး ပြန်ခံစားရတာလဲရှိတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက ဥတ္တရသာမဏေလေးရဲ့ အကြောင်း အမေမှတ်မိသလောက်ပြောပြမယ်နော်..။
ဥတ္တရ လို့ခေါ်တဲ့ ကိုရင်လေးတပါးဟာ သူနေတဲ့တောကျောင်းလေးကနေ မနက်စောစော ဆွမ်းခံထွက်ဖို့ မိုးမလင်းသေးခင် လူတွေနေတဲ့ ရွာဘက်ကို ထွက်လာရင်း မြစ်ချောင်းနဘေးအရောက်မှာ မျက်နှာသစ်ရအောင် ဆွမ်းခံသပိတ်ကို ချောင်းနဘေး ကန်ဘောင်ပေါ်တင်ထားပြီး ကိုရင်လေးက ချောင်းထဲဆင်းသွားခဲ့တယ်…။ အဲဒီအချိန်မှာပဲ ရွာထဲမှာသူခိုးဝင်ခိုးတာကို အိမ်ရှင်တွေက သိသွားပြီး အော်ဟစ်အကူအညီတောင်းတော့ ရွာသားတွေက တုတ်တွေဓားတွေနဲ့ သူခိုးကို လိုက်ကြတယ်။ သူခိုးကလဲ ပြေးမိပြေးရာပြေးပြီး ရွာအပြင်က ကိုရင်လေးရှိတဲ့ ချောင်းနဘေးကိုရောက်လာခဲ့တယ်။ ရွာသားတွေမိရင် အသတ်ခံရမှာကိုကြောက်တဲ့သူခိုးဟာ သူခိုးလာတဲ့ပစ္စည်းထုပ်ကို ကိုရင်လေးချထားတဲ့ သပိတ်ထဲ ထည့်ခဲ့့ပြီး အကွယ်တခုမှာ ပုန်းနေလိုက်တယ်။

ကိုရင်လေးက မျက်နှာသစ်ပြီးလို့ ဆွမ်းခံကြွမယ်ဆိုပြီး သပိတ်ကိုယူပြီး ရွာဘက်ကိုစတင်ထွက်လာချိန်မှာပဲ ရွာသားတွေ အဲ့ဒီနေရာကိုရောက်လာပြီး သူခိုးကိုမတွေ့ပဲ ကိုရင်လေးကို ရှာဖွေကြတဲ့အခါမှာ သပိတ်ထဲမှာ ထည့်ထားတဲ့ ရတနာထုပ်ကို ရှာတွေ့သွားပြီး ကိုရင်ဟာသူခိုးပဲလို့ ထင်ပြီး ဖမ်းသွားခဲ့ကြတယ်တဲ့..။ ဒီအချိန်မှာ ကိုရင်လေးက သူဟာ သူခိုးမဟုတ်ကြောင်းကို ရှင်းပြပေမဲ့ သက်သေခံပစ္စည်းနဲ့မိနေလို့ ဘယ်လိုမှ ပြောလို့မရဘူးတဲ့။

နောက်ပြီး အဲ့ဒီအချိန်က တိုင်းပြည်အုပ်ချုပ်တဲ့မင်းက သူခိုးဆိုသိပ်မုန်းလို့ သူခိုးမိရင် လက်ဝါးကပ်တိုင်မှာ ကြိုးတုပ်ပြီး စအိုကနေ ပါးစပ်အထိ တံကျင်ရှိုသတ်လေ့ရှိတယ်တဲ့။ (တံကျင်ဆိုတာကတော့ ထိပ်ချွန်နေတဲ့သံချောင်းရှည်ကြီးကို မီးထဲမှာရဲနေအောင်ဖုတ်ထားတာ) လူတွေ သူများပစ္စည်းမခိုးရဲအောင်၊ တိုင်းပြည်မှာ သူခိုးသူမရှိအောင်လို့ အမိန့်ထုတ်ထားတယ် ထင်တာပဲ။ ဒါနဲ့ပဲ ကိုရင်လေး ဥတ္တရဟာ ခိုးရာပါပစ္စည်းနဲ့တကွ မိနေလို့ ဘယ်လိုမှဖြေရှင်းလို့ မရဲဘဲ အဲ့ဒီနည်းနဲ့ အသတ်ခံခဲ့ရတယ်တဲ့ …. ဒါပေမဲ့ ကိုရင်ကလေးဟာ နာကျင်မှုတွေခံစားနေရတဲ့အချိန်မှာ မြတ်စွာဘုရား အဝေးကနေရောင်ချည်တော်ကွန့်မြူးပြပြီး ကိုရင်ကလေးနာကျင်မှုတွေကို မေ့သွားတဲ့ခဏမှာ တရားဟောလိုက်တယ်..။ ကိုရင်ကလေး ကလဲ ပါရမီရင့်ပြီးသူဖြစ်လို့ တရားနာရင်း ခန္တာအစဉ်ကို မြင်အောင် ရှုမှတ်လိုက်တဲ့အခါ တရားအဆုံးမှာပဲ ရဟန္တာ ဖြစ်သွားခဲ့တယ်။
အင်း…. ဘုရားကတန်ခိုးနဲ့ ကိုရင်လေးကိုဘာလို့မကယ်သလဲဆိုတော့… ကိုရင်ကလေး ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အတိတ်ကံက သူကိုယ်တိုင်ပြန်ခံရမှာမို့ မြတ်စွာဘုရားလဲ အဲ့ဒီလို အသတ်ခံ ရမဲ့ဘေးကနေ မကယ်နိုင်ပါဘူး။ ဒါဟာ ဝဋ်ကြွေးခံရတာလို့ ပြောရမှာပေါ့..။

သမီးတို့ အခုမေးသလို မြတ်စွာဘုရားကို ရဟန်းတွေကလဲမေးပါတယ်။ အဲ့ဒီတော့ မြတ်စွာဘုရားက ရဟန်းတွေကို ဒီကိုရင်ကလေးဟာ တူသောအကျိုးကို ခံစားရတာဆိုပြီး ကိုရင်လေးရဲ့ အတိတ်ကအကြောင်းကို ပြန်ဟောပြပါတယ်။ ကိုရင်ကလေးဟာ ဘဝတခုမှာကလေးသဘာဝ ကစားရင်း တမာပင်ပေါ်က ပေါက်ကာစငှက်သားကလေးတွေကိုတွေ့ပြီး ငှက်သားပေါက် ကလေးတွေရဲ့ ပါးစပ်ထဲကို တမာရိုးနဲ့ထိုးထည့်ပြီး ဆော့ခဲ့ဘူးတယ်။ (ငှက်ကလေးတွေဟာ သူတို့မိခင်အစာရှာပြီးပြန်လာရင် ပါလာတဲ့အစာတွေကို စားရအောင်နှုတ်သီးလေးတွေကို ပြဲနေအောင် ဟထားပေးတာ သမီးတို့မြင်ဘူးတယ်မဟုတ်လား) ပေါက်ကာစငှက်ကလေးတွေ ဆိုတော့ အာခေါင်နုနုလေးတွေကို တမာရိုးနဲ့ ထိုးကစားတော့ ဘယ်ခံနိုင်မှာလဲ … သေကုန်မှာပေါ့…။

ကလေးသဘာဝ ကစားတာဖြစ်ပေမဲ့ သူများအသက်ကို ညှင်းဆဲသတ်ဖြတ်မိတော့ အကြောင်းတိုက်ဆိုင်တဲ့အချိန်တခုမှာ ပြန်ခံရတာပါပဲ….။ သူမသိလို့လုပ်မိလဲ ခံရတာပဲ…။ သိရက်နဲ့လုပ်တယ်ဆိုရင်တော့ ပိုတောင်ခံရဦးမယ်။ ကိုရင်ကလေး အတိတ်ဘဝက မသိနားမလည်သေးတဲ့အရွယ်မှာ ဒီလိုလုပ်ခဲ့မိပေမဲ့ အသက် အရွယ်ရလာလို့ နားလည်လာတဲ့အချိန်မှာတော့ ရဟန်းတရားတွေကို ပွားများအားထုတ်ခဲ့ တယ်။ အဲ့ဒါကြောင့်လဲ မြတ်စွာဘုရားတရားဟောတဲ့အချိန်မှာ ရဟန္တာအဖြစ်နဲ့ သံသရာမှာ ဘဝအမျိုးမျိုးနဲ့ ကျင်လည်ရတဲ့အဖြစ်ကနေ လွတ်ကျွတ်ခွင့်ရသွားတာပေါ့…။
လူတိုင်း သတ္တဝါတိုင်းဟာ ကိုယ်ပြုလုပ်ခဲ့တဲ့ အမှုကိစ္စတိုင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာတွေပဲ..။ ကောင်းတာတွေလုပ်ရင် ကိုယ်ပိုင်ဥစ္စာကောင်းကောင်းရပြီး ကောင်းကျိုးခံစာရမှာပဲ..။ မကောင်းတာတွေလုပ်ရင်လဲ မကောင်းတာတွေရပြီး မကောင်းကျိုးတွေ ခံစားရမှာပဲ။ အမေအဖေက ကိုယ့်ကိုကယ်မယ် ကူညီမယ်ထင်ပြီး အမေအဖေအားကိုးနဲ့လည်း မလုပ်နဲ့ .. ကိုယ်လုပ်ထားတဲ့ မကောင်းမှုရှိနေရင် အဲဒီမကောင်းမှုကို ခံစားရတဲ့အချိန်မှာ ဘုရားတောင်မှ မကယ်နိုင်ဘူး။ အဖေ အမေတို့က သမီးတို့ကို ကူညီနိုင်တာ တနည်းပဲရှိတယ်။ ဘုရားဟောခဲ့တဲ့တရားတွေကို သမီးတို့ နားထောင်ချင်အောင်၊ နားလည်အောင် ကူပြီးပြောပေး လမ်းညွှန်ပေးလို့ပဲရမယ်။ ကျန်တာက သမီးတို့ဖာသာလုပ်ရမှာ။ အမေတို့လည်း ဒီလိုပဲ..။ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကို ကိုယ်တိုင်ကျင့်ကြံလိုက်နာမှ ဒီသံသရာဝဋ်ဒုက္ခက လွတ်မြောက်မှာ…။ မြတ်စွာဘုရားကိုယ်တိုင်ထိုးထွင်းသိမြင်ခဲ့တဲ့တရားတွေကို သံဃာတော် အရှင်သူမြတ်တွေက တဆင့်ဟောကြားပြသ လမ်းညွှန်ပေးနေကြတယ်။

အမေတို့ သမီးတို့က အဲ့ဒီလမ်းတွေကနေ ကိုယ်တိုင်လျှောက်လှမ်းကြရမှာ။ ငယ်ငယ်တုန်းက လမ်းမလျှောက်ချင်ရင် အမေ အဖေ ချီသွားလို့ရတယ်။ အခုကြီးတော့ ဘယ်သူချီနိုင်သေးလဲ ကိုယ်ဖာသာလျှောက်မှ လိုရာကိုရောက်မယ်မဟုတ်လား။ သမီးတို့ငယ်ငယ်က မိဘတွေက ဟိုဟာမလုပ်နဲ့ ဒီလိုနေ ဆိုပြီး မျက်စေ့ဒေါက်ထောက်ကြည့်နေနိုင်ပေမဲ့ သမီးတို့အရွယ်ရလာလို့ အလုပ်တွေ လုပ်ကိုင်လာရပြီဆိုရင် သမီးတို့ကိုယ်တိုင် ဆုံးဖြတ်၊ လုပ်ကိုင်ရတော့မယ်မဟုတ်လား..။ သမီးတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်ပြီး အောင်မြင်မှု ဆုံးရှုံမှုတွေကို သမီးတို့ ကိုယ်တိုင်ခံစားရမှာ…။ ဒါပေမဲ့ သမီးတို့ငယ်ငယ်ကတည်းက သင်ယူထားတဲ့ပညာတွေကိုတော့ အသုံးချရမှာပေါ့..။ ဒါကတော့ လက်ရှိရထားတဲ့ ဒီဘဝလေးတခုအတွက်ပဲနော်.. သံသရာခရီး အတွက်ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံနေထိုင်မှ မြင့်မြတ်တဲ့၊ ဧချမ်းတဲ့ဘဝကိုရကြမှာ….။ သမီးတို့ကို အမေက သာသနာပြုနိုင်တဲ့ အမျိုးသမီးလေးတွေ ဖြစ်စေချင်တယ်။ လူဖြစ်ရတဲ့တိုတောင်းလှတဲ့ဘဝလေးမှာ လူပီပီသသနေနိုင်အောင် ကျိုးစားကြစေချင်တယ်..။

သာသနာဆိုတာ အဆုံးအမလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရားရဲ့သာသနာ ဆိုတာ မြတ်စွားဘုရားရဲ့အဆုံးအမကိုပြောတာ…။ မြတ်စွာဘုရား ဆုံးမထားတဲ့အတိုင်း ကျင့်သုံး နေထိုင်တဲ့သူဟာ သာသနာပြုနေသူပဲပေါ့။
ဘယ်လိုလဲ… နောက်ဆို ပိုးကောင်လေးတွေပဲ၊ ငှက်ကလေး ကြက်ကလေးတွေပဲ.. မနာကျင်တတ်ဘူးထင်ပြီး နာအောင်ကျင်အောင်မလုပ်မိစေနဲ့၊ မဆော့မိစေနဲ့နော်… သမီးတို့ နောက်အပတ်ကြရင် အဒိန္နာဒါနာ (သူတပါးပစ္စည်းခိုးခြင်း) နဲ့ ပတ်သက်တဲ့အကြောင်းလေး ပြောပြမယ်နော်…

#Credit_မူရင်း

Comments

Popular posts from this blog

အရိုးသားဆုံးသော လူသားများ

အဖိုးတန်လှပတဲ့ ပုလဲ

ခေါင်းဆောင်ကောင်း